ဟားလ်စီးတီးနဲ့ သရေကျပြီးနောက် ချဲလ်ဆီးအသင်းဆီမှ ပျင်းစရာကောင်းတဲ့ နိုင်ပွဲတချို့ လိုချင်မိတယ်လို့ ဖွင့်ဟလာတဲ့ အလွန်ဆို
ယမန်နေ့ညပိုင်း၊ ဟားလ်စီးတီးနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက သူ့ရဲ့အသင်းဆီမှ ပျင်းစရာကောင်းတဲ့ နိုင်ပွဲတချို့ လိုချင်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်လေးပွဲကစားပြီးချိန် ၁၀ ဂိုးအထိ သွင်းယူထားနိုင်ပြီး အင်္ဂလန်ထိပ်တန်းလိဂ်မှာ ဖျော်ဖြေမှုအပေးနိုင်ဆုံး အသင်းတစ်ခုအဖြစ် ရှိနေပါတ်ယ။
စတမ်းဖို့ဒ်ဘရစ်ကွင်းမှာ ဟားလ်စီးတီးနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း မော်ဂန်ရိုဂျာစ်၊ ကိုးလ်ပယ်လ်မာနဲ့ ဂျော်အိုပက်ဒရိုတို့အားလုံး ဂိုးပါဝင်ပတ်သက်မှုတွေ ထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်။
တဖက်မှာလည်း အလွန်ဆိုရဲ့အသင်းက ပြိုင်ဘက်တွေဆီ ကိုးဂိုးအထိ ခွင့်ပြုထားရပြီး ဂိုးတွေအလွယ်တကူခွင့်ပြုပေးနေရလို့ ခံစစ်ပိုင်းမှာ နည်းပြသစ်တောင်းဆိုတဲ့ ကစားကွက်ပုံစံနဲ့ အသားကျစေဖို့ ရုန်းကန်နေရပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အလွန်ဆိုက သူ့အတွက် ပျင်းစရာကောင်းတဲ့ နိုင်ပွဲမျိုးတွေ ပိုလိုချင်မိလာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြက "တစ်နေ့နေ့မှာတော့ ပျင်းစရာကောင်းတဲ့ပွဲစဉ်တစ်ခုမှ ကျွန်တော်တို့အသင်း အနိုင်ရရှိတာကို ခင်ဗျားတို့ တန်ဖိုးထားမိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ဒါက ကျွန်တော်တို့ လုပ်ဆောင်နေကျ ပုံစံအချို့ကို ထပ်တလဲလဲ ဖြစ်စေပါတယ်။ ဒီအခြေအနေတွေကို ပြုပြင်ဖို့အတွက် အချိန်ယူရပါလိမ့်မယ်။ ကျွန်တော်တို့ ဆက်လက်ယှဉ်ပြိုင်ဖို့ လိုအပ်သလို ပြိုင်ဘက်တွေအတွက် ပြန်လာနိုင်စေမယ့် အခွင့်အရေးတွေကို အလွယ်တကူ ခွင့်မပြုပေးသင့်ပါဘူး"
"ပထမဂိုးမှာ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းမွန်အောင် ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ အဲ့ဒီဂိုးရရှိသွားပြီးနောက် ကျွန်တော်တို့ရရှိထားတဲ့ အရှိန်အဟုန်၊ စိတ်ဓါတ်ပိုင်းနဲ့ ပွဲရလဒ်ပါ ပြောင်းလဲသွားခဲ့ပါတယ်"
"ကျွန်တော်တို့ ဆွေးနွေးပြီး ပြုပြင်ဖို့ လုပ်ဆောင်နေပေမဲ့ ဒါက ကစားပုံစွမ်းဆောင်ရည်အပေါ် သက်ရောက်မှု ရှိပါတယ်"
"ကျွန်တော်တို့ရဲ့ခံစစ်ထက် တိုက်စစ်ပိုင်း ပိုကောင်းနေတယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် တကယ့်ခေါင်းစဉ်ကြီးတစ်ခုပါပဲ။ သေချာတာကတော့ လေးပွဲသာ ကစားရသေးပေမဲ့ အခုပုံစံကို ကျွန်တော် မကြိုက်သလို ကစားကွက်တည်ဆောက်ပုံတွေ၊ ပြစ်ဒဏ်ဘောတွေ၊ အဝေးဘောပေးပို့မှုတွေ၊ ဒူပေနာပေခံမှုတွေနဲ့ ယှဉ်ပြိုင်လိုစိတ်အပိုင်းတွေမှာ အခုထက်မက ပိုကောင်းလာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
လက်ရှိမှာ ချဲလ်ဆီးအသင်းက ၁၉၆၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပွဲ ၂၀ ဆက် Clean Sheet ပျောက်ဆုံးတဲ့ မှတ်တမ်းဆိုးတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။