တော့တင်ဟမ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်တိုနာလီကို အသင်းအတွက် ခေါင်းဆောင်တစ်ဦးဖြစ်လာလိမ့်မယ်လို့ ဒီဇာဘီယုံကြည်နေ
တော့တင်ဟမ်နည်းပြဒီဇာဘီက အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုနာလီကို အသင်းအတွက် ခေါင်းဆောင်တစ်ဦး ဖြစ်လာစေဖို့ မျှော်လင့်ထားပါတယ်။
တော့တင်ဟမ်အသင်းက အသက် ၂၆ နှစ်အရွယ်တိုနာလီကို စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှ မြောက်လန်ဒန်အရပ်ဆီ ခေါ်ယူဖို့အတွက် အပိုဆုကြေးတွေ အပါအဝင် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အထိ အသုံးပြုခဲ့ပါတယ်။
လတ်တလောမှာ တိုနာလီက ပေါင် ၈၅ သန်းတန် မားသီးယက်စ်ဖာနန်ဒက်စ်နဲ့အတူ တော့တင်ဟမ်ရဲ့ကွင်းလယ်ကဏ္ဍသစ်မှာ ပါဝင်လာဖို့ ရှိနေပါတယ်။ နည်းပြဒီဇာဘီရဲ့အသင်းက နောက်ထပ်တန်းဆင်းဇုန်တိုက်ပွဲတွေနဲ့ မရင်ဆိုင်ရစေဖို့အတွက် ဗန်ဒီဗန်၊ ပေါ်ရို၊ ဘန်ဒေးဗီးစ်နဲ့ ကင်စကီတို့ကိုလည်း စာချုပ်သစ်တွေ အသီးသီးချုပ်ဆိုထားပါတယ်။
ဒီဇာဘီကတော့ ရှိရင်းစွဲကစားသမားတွေအပြင် တိုနာလီမှာလည်း အသင်းအတွက် အောင်မြင်မှုတွေ ယူပေးနိုင်မယ့် ခေါင်းဆောင်မှု အရည်အချင်းတွေ အပြည့်အ၀ရှိတယ်လို့ ယုံကြည်နေပါတယ်။
"ကျွန်တော်ကိုယ်တိုင် သူ့ကို အမှန်တကယ်စည်းရုံးနိုင်ခဲ့တယ်ဆိုရင်တော့ အဲဒီလိုလုပ်ဆောင်ချက်အတွက် တကယ်ကို ဝမ်းသာပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေကို ကိုယ့်အယူအဆနဲ့ပတ်သက်လို့ အမှန်အတိုင်း ပြောပြလေ့ရှိပါတယ်။ တိုနာလီဆိုတာ သူကစားခဲ့ဖူးတဲ့ကလပ်အသင်းတိုင်းမှာ အမြဲတမ်းလိုလို ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်" လို့ ဒီဇာဘီက Sky Sport Italia ဆီ ပြောကြားခဲ့ပါတယ်။
"အခုလို အသင်းကို ပြန်လည်တည်ဆောက်နေချိန်မှာ သူက အရေးပါတဲ့နေရာမှတဆင့် ပါဝင်နိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ဇာတိမြေကလပ်အသင်းဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း အားပေးတဲ့ ဘရက်စီယာအသင်းမှာ သူ စတင်ကစားချိန်ကတည်းက ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သားအရွယ်ကတည်းက သူက ဝါရင့်ကစားသမားတစ်ဦးလို တည်ငြိမ်ရင့်ကျက်ခဲ့ပါတယ်" လို့ ဒီဇာဘီက ဆိုပါတယ်။
ဒါ့အပြင် ဒီဇာဘီက "တော့တင်ဟမ်နဲ့ ကျွန်တော်က တခြားကလပ်တွေထက်စာရင် သူ့ကို ပိုပြီး ကောင်းမွန်တဲ့အရာတွေ ပေးနိုင်မယ်လို့ ထင်ပါတယ်။ တကယ်တော့ အခုဘောလုံးရာသီကသာ တော့တင်ဟမ်နည်းပြအဖြစ် အမှန်တကယ်တာဝန်ယူရမယ့် အချိန်ပါပဲ။ ပြီးခဲ့တဲ့ရာသီကတော့ အသင်းတန်းမဆင်းရအောင်ပဲ အသည်းအသန် ကြိုးစားခဲ့ရပေမဲ့ အခုတော့ ဥရောပရဲ့အခက်ခဲဆုံးလိဂ်မှာ ရေရှည်အတွက် တစ်ခုခုကို စတင်တည်ဆောက်သွားနိုင်ပါတော့မယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။