The network connection is lost.

Banner Image

ခြေစမ်းပွဲနှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် အသွင်ကူးပြောင်းရေးကာလတစ်ခုကို လီဗာပူးအသင်း ဖြတ်သန်းနေရတယ်လို့ ဗန်ဒိုက်ဝန်ခံ

အီရာအိုလာလက်ထက် ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက် အကူးအပြောင်းကာလတစ်ခုကို လီဗာပူးအသင်း ဖြတ်သန်းနေရတယ်လို့ အသင်းခေါင်းဆောင်ဗန်ဒိုက်က ဝန်ခံလိုက်ပါတယ်။

လိဒ်ယူနိုက်တက်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်မှာ အီရာအိုလာက ပြီးခဲ့တဲ့ပိတ်ရက်၊ မိုနာကိုနဲ့ပွဲစဉ်မှာ အရှုံးကိုပြန်လည်ဖာထေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဂိုးပြတ်ဦးဆောင်ထားပြီမှ ပေးဂိုးတွေ ပေါ်ပေါက်လာပြီး နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းလို့ ထင်ကြေးပေးထားကြတဲ့ လီဗာပူးအသင်းက ထိပ်တန်းကစားသမားတွေ ပြန်ပါလာပေမဲ့ ရာသီကြိုပွဲစဉ်တွေမှာတော့ ခြေစွမ်းမပြသနိုင်ပါဘူး။ ဒါက နည်းပြအီရာအိုလာနဲ့ သူ့ရဲ့နည်းဗျူဟာပိုင်းအပေါ် စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

မိုနာကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ဗန်ဒိုက်က အခုနွေရာသီ၊ အန်းစလော့နေရာမှာ အစားထိုးဝင်လာတဲ့ စပိန်လူမျိုးနည်းပြအီရာအိုလာရဲ့လက်အောက်မှာ သူရော၊ အသင်းဖော်တွေပါ အသားကျဖို့ ကြိုးစားနေရတုန်းပဲလို့ ပြောပါတယ်။ "အခုက အကူးအပြောင်းကာလတစ်ခုလို ခံစားရတယ်ဆိုတာတော့ အမှန်ပါပဲ။ ရှေ့လာမယ့်နှစ်တွေအတွင်း အောင်မြင်မှုတွေရအောင် တည်ဆောက်တဲ့နေရာမှာ လီဗာပူးနဲ့ပတ်သက်သူတိုင်း တာဝန်ရှိပါတယ်" လို့ သူက ဆိုပါတယ်။

"ဒီနှစ်မှာ ကျွန်တော်တို့ အောင်မြင်ချင်ပါတယ်၊ ဒါပေမဲ့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ပရီးမီးယားလိဂ်၊ ကာရာဘောင်ဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ကစားရတာ ဘယ်လောက်ခက်လဲဆိုတာ အားလုံးသိကြတာပဲလေ၊ ဒါကြောင့် ကစားသမားတိုင်း အကောင်းဆုံးပုံစံရှိနေဖို့ လိုပါတယ်" လို့ ဗန်ဒိုက်က ဆက်ပြောပါတယ်။

"အန်းစလော့နဲ့ သူ့ရဲ့အဖွဲ့သားတွေအပေါ်မှာတော့ အပြစ်ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေက တကယ်ကို အံ့ဩစရာကောင်းခဲ့တာပါ။ ဒါပေမဲ့ မနှစ်ကတော့ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဆီမှာ ပြင်ဆင်ပုံချင်းမတူတဲ့ နည်းပြသစ် ရှိနေလို့ နည်းပြအဖွဲ့သစ်နဲ့ရော၊ မတူညီတဲ့ လေ့ကျင့်ရေး နည်းစနစ်တွေနဲ့ပါ အသားကျအောင် နေထိုင်ရပါမယ်။ ကျွန်တော်က အန်းစလော့လက်အောက်မှာ ကစားရတာကို သဘောကျသလို နည်းပြသစ်နဲ့လည်း အဆင်ပြေသွားပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ မကစားခင် ကိုမိုအသင်းနဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲကစားဖို့ ရှိနေပါတယ်။ အစောပိုင်းပွဲတွေမှာ အီရာအိုလာရဲ့ကစားဟန် အလုပ်မဖြစ်သေးပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာတော့ အသင်းကစားသမားတွေ အသားကျသွားလိမ့်မယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။