၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်း ဘယ်လိုကစားကွက် သုံးစွဲမလဲဆိုတာ ဇာဘီအလွန်ဆို ဖွင့်ဟပြောကြား
ချဲလ်ဆီးအသင်းနည်းပြသစ်ဇာဘီအလွန်ဆိုက လာမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အသင်းရဲ့ကစားကွက် ဘယ်လိုဖြစ်လာမလဲဆိုတာကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးပရိသတ်တွေအကြားမှာတော့ အလွန်ဆိုအနေဖြင့် လေဗာကူဆင်မှာ အောင်မြင်မှုတွေ အများကြီးရယူနိုင်ခဲ့တဲ့ နောက်တန်းသုံးယောက်တန်းစနစ်ကိုပဲ သုံးမလား သို့မဟုတ် အသင်းရဲ့ရိုးရာနောက်တန်းလေးယောက်တန်းခံစစ်ကိုပဲ အသုံးပြုမလားဆိုပြီး ငြင်းခုံနေကြပါတယ်။
စနေနေ့၊ ရူဘင်အာမိုရင်ရဲ့ အေစီမီလန်အသင်းကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာတော့ ချဲလ်ဆီးက ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး ဂျော်အိုပက်ဒရို(၂ ဂိုး)၊ ကိုင်စီဒိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲဖော်ဆောင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အလွန်ဆိုက အသင်းရဲ့ကစားကွက်ကို ပုံသေမဟုတ်ဘဲ အခြေအနေအရ အပြောင်းအလဲပြုလုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
"ကျွန်တော်တို့က စိတ်ကူးတစ်ခုတည်းအပေါ် ပုံသေတွယ်ကပ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ရွေးချယ်စရာနည်းလမ်းတွေ ပိုများလေလေ၊ ပိုကောင်းတဲ့ အသင်းတစ်ခု ဖြစ်လာလေလေပါပဲ" လို့ သူက ဆိုပါတယ်။
ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၄ ရက်၊ တနင်္လာနေ့မှာ အာဘီလိုအာရဲ့ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။