The network connection is lost.

Banner Image

ဗလန်စီယာကစားသမားတစ်ဦးကြောင့် ဒဏ်ရာရရှိသွားတဲ့ အီလန်ဂါရဲ့အခြေအနေကို ရှင်းပြလိုက်တဲ့ နယူးကာဆယ်နည်းပြဂျေဆဲလ်

ဗလန်စီယာကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေနေ့ခြေစမ်းပွဲစဉ်မှာ လူနာတင်ထမ်းစင်ဖြင့် ကွင်းတွင်းမှထွက်ခွာသွားရတဲ့ အီလန်ဂါရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ နယူးကာဆယ်နည်းပြမားကပ်စ်ဂျေဆဲလ်က သတင်းစကားပါးလာပါတယ်။

အဆိုပါခြေစမ်းပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန် ပြီးဆုံးခါနီး အသက် ၂၄ နှစ်အရွယ်ကစားသမားက ဗလင်စီယာနောက်ခံလူဟိုဆေးဂါယာရဲ့တကယ့်ကို ကြမ်းတမ်းလွန်းတဲ့ ဖျက်ထုတ်မှု အပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားကာ ကွင်းတွင်းမှ ထွက်ခွာလာရပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် နှစ်ဖက်ကစားသမားတွေအကြား အချင်းများခဲ့ကြသလို ဂါယာလည်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ နာကျင်လွန်းလို့ အသည်းအသန် ဖြစ်နေတဲ့ အီလန်ဂါကိုတော့ လူနာတင်ထမ်းစင်နဲ့ပဲ ကွင်းပြင်ဆီ သယ်ထုတ်သွားခဲ့ရပါတယ်။

နယူးကာဆယ်အသင်းကတော့ အစောပိုင်းမှာ ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ တိုက်စစ်မှူးဝစ်ဆာရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် နည်းပြဂျေဆဲလ်က အီလန်ဂါရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ထင်သလောက် မဆိုးရွားဘူးဆိုတဲ့ သတင်းကောင်းကို ပြောပြခဲ့ပါတယ်။

"တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ဖျက်ထုတ်မှုပါ၊ ဒါတော့ အမှန်ပါပဲ။ ကျွန်တော် တကယ်ပဲ စိုးရိမ်သွားခဲ့တယ်" လို့ ဂျေဆဲလ်က ဆိုပါတယ်။ 

"ဒါပေမဲ့ အခုတော့ စိတ်အေးသွားပါပြီ။ ဆေးအဖွဲ့ရဲ့စစ်ဆေးချက်တွေအရ ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့ သိရပါတယ်။ ကျွန်တော်တို့အတွက် ကံကောင်းတာပါပဲ။ နောက်သီတင်းပတ်မှာပဲ အီလန်ဂါ ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဂျေဆဲလ်က ပြောကြားခဲ့ပါတယ်။