အငှားလာကစားချိန် လက်စွမ်းပြခဲ့တဲ့ ဘရိုက်တန်ဂိုးသမားရပ်ရှ်ဝေါ့ကို ကိုဗင်ထရီ အပြီးသတ်ခေါ်ယူ
ကိုဗင်ထရီစီးတီးက ဘရိုက်တန်အသင်းမှ အငှားလာကစားချိန် လက်စွမ်းပြခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ဂိုးသမား ကားလ်ရပ်ရှ်ဝေါ့ကို အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
ဒီအပြောင်းအရွှေ့တန်ဖိုးကို ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနီးပါး ရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ နှစ်ဖက်လုံးမှ ပြောင်းရွှေ့ကြေးပမာဏရော၊ ကစားသမားရဲ့စာချုပ်သက်တမ်းကိုပါ တရားဝင်မထုတ်ပြန်ခဲ့ပါဘူး။
ရပ်ရှ်ဝေါ့က ပြီးခဲ့တဲ့ရာသီ၊ ကိုဗင်ထရီရဲ့လိဂ်ပွဲစဉ်အားလုံးမှာ ပါဝင်ကစားခဲ့ပြီး Clean Sheet ၁၇ ကြိမ်အထိ ရရှိခဲ့ပါတယ်။ သူက ကိုဗင်ထရီရဲ့ ၂၅ နှစ်ကြာ ပရီးမီးယားလိဂ်တန်းတက်နို်ငရေးတိုက်ပွဲမှာ ချန်ပီယံရှစ်ဖလားနဲ့အတူ ပြန်လာနိုင်ဖို့ အဓိကကူညီပေးခဲ့ပါတယ်။
"တကယ်ပျော်ရွှင်မိသလို ခံစားချက်တွေလည်း အများကြီး ဖြစ်ပေါ်နေပါတယ်။ အပြောင်းအရွှေ့ကိစ္စပြီးသွားလို့ အခုမှပဲ စိတ်အေးသွားရပါတယ်။ ကျွန်တော် တကယ်ချစ်မြတ်နိုးတဲ့ ဒီကလပ်အသင်းမှာ အသင်းဖော်တွေနဲ့အတူ ပြန်ဆုံရလို့ တကယ်ကို ရင်ခုန်မိပါတယ်" လို့ ရပ်ရှ်ဝေါ့က ပြောပါတယ်။
ရပ်ရှ်ဝေါ့က ၂၀၁၉ ခုနှစ်၊ သူ့ရဲ့ဇာတိကလပ်အသင်း ဟာလီဖတ်တောင်းမှ ဘရိုက်တန်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် စီနီယာအသင်းကြီးအတွက် ပွဲဦးထွက်မကစားရဘဲ ခုနစ်တာကာလအတွင်း ကလပ်အသင်းခြောက်ခုဆီ အငှားသွားရောက်ကစားခဲ့ပါတယ်။
ကိုဗင်ထရီနည်းပြလမ်းပတ်က "ရပ်ရှ်ဝေါ့ကို အခုလိုအပြီးသတ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူလိုက်နိုင်တယ်ဆိုတာ တကယ့်ကို ကောင်းမွန်ပါတယ်။ သူက တကယ့် ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်သလို စရိုက်လက္ခဏာလည်း တကယ်ကောင်းပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ကျွန်တော်တို့အသင်းရဲ့တန်းတက်နိုင်ရေးခရီးလမ်းမှာလည်း အများကြီးအကျိုးပြုခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။