စံချိန်တင် ပေါင်သန်း ၂၀ တန်ကြေးရှိသည့် လေ့ကျင့်ရေးဝတ်စုံ စပွန်ဆာအသစ်ကို ထုတ်ဖော်ကြေညာလိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့မှာ Betway ကုမ္ပဏီနဲ့ လေ့ကျင့်ရေးဝတ်စုံ စပွန်ဆာစာချုပ်အသစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သတင်းတွေအရ ဒီစာချုပ်ဟာ တစ်နှစ်ကို စံချိန်တင် ပေါင်သန်း ၂၀ အထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။
Betway ရဲ့ လိုဂိုကို မန်ယူ အမျိုးသားနဲ့ အမျိုးသမီးအသင်းတွေရဲ့ လေ့ကျင့်ရေးဝတ်စုံတွေမှာ အထင်အရှား မြင်တွေ့ရမှာဖြစ်သလို အိုးထရက်ဖို့ဒ်ကွင်းတစ်ဝိုက်မှာလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လမှာ Tezos ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းဟာ လေ့ကျင့်ရေးဝတ်စုံ စပွန်ဆာမရှိဘဲ ဖြတ်သန်းခဲ့ရတာပါ။
အခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရလိုက်တာကြောင့် မန်ယူအသင်းဟာ ပိုမိုမြင့်မားတဲ့ စပွန်ဆာကြေးကို ရရှိခဲ့တာဖြစ်ပြီး၊ ဒါဟာ ကလပ်အသင်းတစ်သင်းရဲ့ လေ့ကျင့်ရေးဝတ်စုံအတွက် ကမ္ဘာ့အကြီးမားဆုံးသဘောတူညီမှုဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
လာမယ့်ရာသီကစလို့ ပွဲနေ့ဝတ်စုံတွေရဲ့ အရှေ့ဘက်မှာ လောင်းကစားကုမ္ပဏီတွေကို စပွန်ဆာအဖြစ် အသုံးမပြုဖို့ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအသစ်တွေ စတင်အသက်ဝင်မယ့်အချိန်နဲ့ ဒီစာချုပ်ချုပ်ဆိုမှုက တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ စီးပွားရေးဆိုင်ရာ အရာရှိချုပ် မာ့ခ်အမ်းစထရောင်းက "Betway ကို ကျွန်တော်တို့ရဲ့ တရားဝင်အဓိကမိတ်ဖက်အဖြစ် ကြိုဆိုရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ မိတ်ဖက်လုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေ၊ မန်ချက်စတာယူနိုက်တက်ရဲ့ တစ်ကမ္ဘာလုံးက ခိုင်မာတဲ့ သြဇာနဲ့ ဆွဲဆောင်မှုရှိမှုတွေကို ထင်ဟပ်စေသလို၊ ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ ပရိသတ်ထုကြီးဆီ ချဉ်းကပ်ချင်ကြတဲ့ ထိပ်တန်းအမှတ်တံဆိပ်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတာကိုလည်း ပြသနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။