The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော်ပျော်ရွှင်နေတာကို မော်ရင်ဟို မြင်တွေ့ချင်နေတယ်လို့ ဗင်နီစီးယက်စ်ဆို

ဗင်နီစီးယက်စ်က ရီရဲလ်မက်ဒရစ်ရဲ့ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုဆီ ပြန်လည်ပူးပေါင်းလာပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြားစကားပြောဆိုလာပါတယ်။

ဒီဘရာဇီးလက်ရွေးစင်ကစားသမားကို အခုနွေရာသီမှာ အာဆင်နယ်က ငွေကြေးအမြောက်အများသုံးစွဲကာ ပရီးမီးယားလိဂ်ဆီ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ရီးရဲလ်မက်ဒစ်ဘက်နဲ့ သူတို့ရဲ့ကြယ်ပွင့်အကြား စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရေး သဘောတူညီမှုမရရှိသေးတဲ့ အချက်ကို အာဆင်နယ်က အသုံးချဖို့ ပြင်ဆင်နေပြီး အသက် ၂၆ နှစ်အရွယ်ကစားသမားအတွက် လက်ရှိလစာနှုန်းထားထက် ပိုမိုများပြားပမာဏမျိုးနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

စပိန်သတင်းဌာန Diario Sport ရဲ့ဖော်ပြချက်အရ အာဆင်နယ်က ဗင်နီစီးယက်စ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၅၂၅,၀၀၀ ကျော်အထိ ပေးချေပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် လစာအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အခုလိုသတင်းတွေထွက်ပေါ်နေပေမဲ့ ဗင်နီးစီးယက်စ်ကတော့ နည်းပြမော်ရင်ဟိုလက်အောက်မှာ အလုပ်တွေ ပြန်လည်စတင်နေပြီး လေ့ကျင့်ရေးကွင်းအတွင်း တည်ငြိမ်နေတဲ့အခြေအနေကို အခုလိုပဲ ရှင်းပြလိုက်ပါတယ်။ 

"လေ့ကျင့်ရေးတွေကတော့ အရမ်းကောင်းပါတယ်။ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အပြင်းအထန် လေ့ကျင့်နေပါတယ်။ မော်ရင်ဟိုက ကျွန်တော့်ကို အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ ဘောလုံးကို အာရုံစိုက်ကစားစေဖို့ လိုလားနေပါတယ်" လို့ သူက ရီးရဲလ်မက်ဒရစ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။

"ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာတွေ နည်းနိုင်သမျှနည်းအောင်နဲ့ ကစားသမားအားလုံးကို အားကိုးလို့ရအောင် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း ပြင်ဆင်ရပါမယ်။ လေ့ကျင့်ခန်းတွေ တော်တော်လေး ကောင်းမွန်သလို အားလုံးလည်း အတော်ပင်ပန်းနေကြပါပြီ။ အခုတော့ မနက်ဖြန်အတွက် နားရမယ့်အချိန်ပါ။ ရာသီကြိုကာလဆိုတာ ဒီလိုပါပဲ၊ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်" လို့ ဗင်နီစီးယက်စ်က ဆိုပါတယ်။