လိုင်လီကြယ်ပွင့် ဘိုအာဒီကို ခေါ်ယူဖို့ မန်စီးတီး နီးစပ်နေပြီလို့ သတင်းထွက်ပေါ်
Foot Mercato ရဲ့ ဖော်ပြချက်အရ ရက်သတ္တပတ်ပေါင်းများစွာ အပြင်းအထန် ညှိနှိုင်းဆွေးနွေးပြီးနောက်မှာ မန်စီးတီးနဲ့ လိုင်လီအသင်းတို့ဟာ အသက် ၁၈ နှစ်အရွယ် မော်ရိုကို ကွင်းလယ်လူ အာယုဘ် ဘိုအာဒီကို ခေါ်ယူဖို့ နောက်ဆုံးအဆင့် သဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ အဆိုပါ လိုင်လီကစားသမားဟာ မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားပြီးဖြစ်သလို အပြောင်းအရွှေ့ဟာလည်း ပြီးဆုံးဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဘိုအာဒီရဲ့ နည်းစနစ်ပိုင်း ပါးနပ်မှုနဲ့ ဖိအားပေးမှုတွေကို ခံနိုင်ရည်ရှိတဲ့ အရည်အချင်းတွေအပေါ် ယုံကြည်မှုရှိနေတဲ့ စီးတီးနည်းပြ အန်ဇိုမာရက်စကာက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ရှိနေတဲ့ ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့အတွက် သူ့ကို အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့အတွက် ငွေကြေးဆိုင်ရာ သဘောတူညီမှုတွေက အားလုံးနီးပါး ပြီးပြတ်သွားပြီ ဖြစ်ပေမဲ့ အပြောင်းအရွှေ့ ပုံစံနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
လိုင်လီအသင်းက ဘိုအာဒီကို နောက်ထပ်တစ်နှစ် အငှားနဲ့ ပြန်လည်ခေါ်ယူထားချင်ပေမဲ့ စီးတီးကတော့ သူ့ကို အသင်းထဲကို ချက်ချင်း ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။ ဒါဟာ အပြောင်းအရွှေ့အတွက် ညှိနှိုင်းဖို့ ကျန်ရှိနေတဲ့ နောက်ဆုံးအချက် ဖြစ်တယ်လို့လည်း Foot Mercato က ဖော်ပြထားပါတယ်။