The network connection is lost.

Banner Image

နယူးကာဆယ်အသင်းရဲ့ ရင်းနှီးမြှုပ်နှံသူဟောင်း အမန်ဒါ စတေ့ဗ်လေက ဝက်စ်ဟမ်းအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ မျက်စိကျနေ

နယူးကာဆယ်အသင်းရဲ့ ရင်းနှီးမြှုပ်နှံသူဟောင်း အမန်ဒါ စတေ့ဗ်လေဟာ ဝက်စ်ဟမ်းအသင်းရဲ့ ရှယ်ယာတချို့ကို ဝယ်ယူဖို့အတွက် ရန်ပုံငွေရှာဖွေဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စကိုင်းစပေါ့သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခင်က နယူးကာဆယ်အသင်းကို PIF အဖွဲ့က ဝယ်ယူရာမှာ ပါဝင်ကူညီခဲ့တဲ့ စတေ့ဗ်လေဟာ ဂိုးလ်မိသားစု ပိုင်ဆိုင်ထားတဲ့ ၂၅.၁ ရာခိုင်နှုန်းသော ရှယ်ယာအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို ဝယ်ယူဖို့အတွက် တရားဝင် မဆွေးနွေးခင်မှာ ရန်ပုံငွေတွေ စုဆောင်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စတေ့ဗ်လေအနေနဲ့ ရန်ပုံငွေ ဘယ်လောက်အထိ ရှာဖွေနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ဒီသဘောတူညီမှုဟာ ထင်သလောက်တော့ လွယ်ကူချောမွေ့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းရဲ့ လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေမှာလည်း လက်လွှဲရောင်းချမယ့် ဘယ်လိုရှယ်ယာမျိုးကိုမဆို အခြားသူတွေထက် အရင်ဦးဆုံး ကြိုတင်ဝယ်ယူခွင့် (Pre-emption rights) ရှိနေတာကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဂိုးလ်မိသားစုရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက်မှာ ချက်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ဒန်နီယယ် ခရီတင်စကီးဟာ ဝက်စ်ဟမ်းအသင်းရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာတော့မယ်လို့ ချန်ပီယံရှစ်ကလပ်အသင်းက ကြေညာခဲ့ပါတယ်။