မာလ်ဒီနီနဲ့ လီယိုနာဒိုတို့ နုတ်ထွက်သွားပြီးနောက် အီတလီနည်းပြသစ်အဖြစ် မန်စီနီ ပြန်လာနိုင်တယ်လို့ သတင်းထွက်ပေါ်
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဥက္ကဋ္ဌ ဂျီယိုဗန်နီမာလာဂိုက နည်းစနစ်ဒါရိုက်တာပါအိုလိုမာလ်ဒီနီနဲ့ အကြံပေး လီယိုနာဒိုတို့ရဲ့နေရာကို အစားမထိုးနိုင်ခင် နည်းပြသစ်ကို အရင်ဆုံးရွေးချယ်သွားဖို့ ရှိနေပြီး ဒီရာထူးအတွက် ရေပန်းစားသူတွေစာရင်းထိပ်ဆုံးနေရာမှာ မန်စီနီ ရှိနေပါတယ်။
မာလာဂိုရဲ့ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာဖို့ခရီးလမ်းမှာ လက်ရွေးစင်အသင်းအတွက် နည်းစနစ်ဒါရိုက်တာရာထူးအသစ်တစ်ခု ဖန်တီးဖို့ဆိုတဲ့ စီမံကိန်းကတိကဝတ်လည်း ရှိနေပြန်ပါတယ်။ အဲ့ဒီဒါရိုက်တာက အီတလီနည်းပြကို ရွေးချယ်ပေးရဖို့ ရှိသလို တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်အသင်းအဆင့်ဆင့်နဲ့ အကယ်ဒမီတွေကို ကြီးကြပ်ပေးရမယ့် တာဝန်လည်း ရှိနေပြန်ပါတယ်။
ဒါပေမဲ့ သူတို့ရွေးချယ်ခဲ့တဲ့ အန်ဆယ်လော့တီ၊ ဂွါဒီယိုလာနဲ့ ပီယာလိုတို့အားလုံး အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်လာပြီးနောက် မာလ်ဒီနီနဲ့ လီယိုနာဒိုလည်း ရာထူးမှ နုတ်သွားပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်နေပါတယ်။
အခုတော့ မာလာဂိုက နည်းစနစ်ဒါရိုက်အသစ်ကို အရင်ဆုံးခန့်အပ်မယ့်အစား နည်းပြသစ်ကိုပဲ သူကိုယ်တိုင် အရင်ဆုံး ရွေးချယ်သွားပါတော့မယ်။ ဒီနောက်ပိုင်းမှာသာ နည်းစနစ်ဒါရိုက်တာကို ခန့်အပ်သွားဖို့ ပြင်ဆင်ထားပါတယ်။
အဲဒီဒါရိုက်တာရာထူးအတွက် ပထမဆုံးရွေးချယ်စရာအဖြစ် လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့ ဒါရိုက်တာဖြစ်သလို အီတလီအသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ချီလီနီ ဖြစ်ပါတယ်။
တကယ်လို့ ချီလီနီသာ အဲဒီနေရာကို ရောက်လာခဲ့ရင် သူ့ရဲ့ပထမဆုံးရွေးချယ်မှုက မန်စီနီ ဖြစ်လာနိုင်ပါတယ်။ ဒါက မန်စီနီအတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အီတလီအသင်းကို ကိုင်တွယ်ပြီး ယူရို ၂၀၂၀ ချန်ပီယံဆုဖလား ရယူခဲ့ပြီးနောက်ပိုင်း လက်ရွေးစင်အသင်းဆီ နောက်တစ်ကြိမ် ပြန်ပူးပေါင်းခြင်း ဖြစ်လာပါလိမ့်မယ်။
မန်စီနီက အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းနဲ့ သဘောထားတင်းမာခဲ့ပြီးနောက် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူက လစာဝင်ငွေပိုကောင်းတဲ့ ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာပဲ လမ်းခွဲခဲ့ပါတယ်။
မန်စီနီက မကြာသေးခင်ကပဲ အယ်လ်ဆတ်ဒ်အသင်းကို ကိုင်တွယ်ပြီး လွန်ခဲ့တဲ့လအတွင်းမှာပဲ အသင်းနဲ့လမ်းခွဲခဲ့ပြန်ပါတယ်။