ရုရှားလောင်းကစားကုမ္ပဏီနဲ့ ပတ်သက်မှုကြောင့် အီတလီနည်းပြဖြစ်လာဖို့ဆိုတဲ့ ပီယာလိုရဲ့မျှော်လင့်ချက် ပျက်ပြယ်လုနီးပါးဖြစ်နေ
ရုရှားလောင်းကစားကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတာကြောင့် အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့အတွက် အန်ဒရီယာပီယာလိုရဲ့ အခွင့်အရေးတွေဟာ ပျက်ပြယ်သွားနိုင်ခြေ ရှိနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ပြီးနောက် နည်းပြဂတ်တူဆို ရာထူးမှနုတ်ထွက်သွားလို့ အီတလီအသင်းနည်းပြရာထူး လစ်လပ်နေခဲ့ပါတယ်။ မန်စီးတီးမှထွက်ခွာလာတဲ့ ဂန္တဝင်နည်းပြပက်ဂွါဒီယိုလာဆီလည်း ကမ်းလှမ်းခဲ့ပေမဲ့ စပိန်သားကတော့ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်ခဲ့ပြီးနောက် အနားယူချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ပီယာလိုက နည်းပြသစ်ဖြစ်ဖို့ အလားအလာအရှိဆုံးသူ ဖြစ်လာခဲ့ပေမဲ့၊ အခုသီတင်းပတ်အတွင်း ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) နဲ့ အီတလီလွှတ်တော်အမတ်တွေကိုယ်တိုင် ရုရှားလောင်းကစားကုမ္ပဏီ Fonbet ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ပီယာလိုရဲ့ အခန်းကဏ္ဍအပေါ် ပြန်လည်သုံးသပ်နေကြပြီလို့ သိရပါတယ်။
ဒူဘိုင်းရှိ United FC အသင်းကို ကိုင်တွယ်နေတဲ့ ပီယာလိုက ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း Fonbet ရဲ့သံတမန်အဖြစ် ရာထူးရယူခဲ့ပါတယ်။ BBC ရဲ့ ဖော်ပြချက်အရ ဒီလောင်းကစားကုမ္ပဏီက ယူကရိန်းစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ရုရှားစစ်မှုထမ်းဟောင်းတွေနဲ့ပတ်သက်တဲ့ အားကစားပွဲတွေကို ပံ့ပိုးပေးနေသလို ရုရှားအစိုးရနဲ့နီးစပ်သူတွေ ပါဝင်တဲ့ အခမ်းအနားတွေကိုလည်း စီစဉ်ပေးနေတယ်လို့ သိရပါတယ်။
မော်စကိုမြို့၊ Luzhniki Stadium ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီကုမ္ပဏီရဲ့အခမ်းအနားတစ်ခုကို ပီယာလိုက အီတလီအသင်းဖော်ဟောင်း မာတာရာဇီနဲ့အတူ ပါဝင်ဆင်နွှဲခဲ့လို့ အခုလို ပတ်သက်မှုတွေက သူ့ရဲ့ ဇာတိနိုင်ငံလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးကို ထိခိုက်စေခဲ့တာပါ။
ဥရောပပါလီမန်ဒုဥက္ကဋ္ဌပီနာပီစီယာနိုကလည်း "ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ထပ်ပြီး ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီဘောလုံးလောကဟာ ယဉ်ကျေးမှု၊ ကျင့်ဝတ်နဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အသည်းအသန် လိုအပ်နေပါတယ်။ အခု ပီယာလိုကို ရွေးချယ်ဖို့ လုပ်နေတယ်ဆိုတာကတော့ အဲဒီလိုအပ်ချက်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ" လို့ လူမှုကွန်ရက်မှာ ဝေဖန်ခဲ့ပါတယ်။
အကယ်၍ ပီယာလိုသာ ဒီပြိုင်ပွဲမှ ထွက်သွားရမယ်ဆိုရင် အခုလအစောပိုင်းမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံထားရတဲ့ ပါအိုလိုမာလ်ဒီနီက နည်းပြလောင်းစာရင်းရဲ့ထိပ်ဆုံးနေရာဆီ ရောက်လာနိုင်တယ်လို့ အီတလီသတင်းမီဒီယာတွေမှ ဖော်ပြကြပါတယ်။
ပီယာလိုကတော့ တနင်္လာနေ့ အစောပိုင်းမှာ သူ့ရဲ့ Instagram မှတဆင့် မီဒီယာတွေကို ရုရှားကုမ္ပဏီနဲ့ပတ်သက်မှုအပေါ် နိုင်ငံရေးနဲ့ဆက်စပ်ပြီး အဓိပ္ပာယ်မကောက်ကြဖို့ တိုက်တွန်းရင်း ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။