The network connection is lost.

Banner Image

အသင်းရဲ့ရှယ်ယာအနည်းစုကို ရောင်းချဖို့အတွက် ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ခုနဲ့ ဆွေးနွေးနေတဲ့ လီဗာပူး

လီဗာပူးအသင်းက အသင်းရဲ့အစုရှယ်ယာအနည်းစုကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်ရင်းနှီးမြှုပ်နှံသူ အမစ်ဘာတီးယားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အမစ်ဘာတီးယားက အိန္ဒိယသံမဏိလုပ်ငန်းရှင်ဘီလျံနာကြီး လက်ရှ်မီးမစ်တယ်လ်ရဲ့ သမက်ဖြစ်ပြီး အခုတော့ အင်္ဂလန်ချန်ပီယံဆုအကြိမ် ၂၀ အထိ ရယူထားနိုင်တဲ့ လီဗာပူးအသင်းရဲ့ရှယ်ယာတွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရင်းနှီးမြှုပ်နှံသူအဖွဲ့ (consortium) တစ်ခုကို ဦးဆောင်နေပါတယ်။

လီဗာပူးအသင်းပိုင်ရှင်ဖြစ်တဲ့ အမေရိကန်အခြေစိုက် Fenway Sports Group (FSG) ကလည်း ဘာတီးယားအဖွဲ့ရဲ့ကမ်းလှမ်းလာမှု မှန်ကန်တယ်လို့ အတည်ပြုထားပါတယ်။ 

"အမစ်ဘာတီးယားဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူအဖွဲ့က လီဗာပူးအသင်းမှာ နည်းဗျူဟာမြောက် ရှယ်ယာအနည်းငယ်ထည့်ဝင်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း ပြသလာပါတယ်" လို့ FSG ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

Financial Times သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာတီးယားက ဒီကမ်းလှမ်းမှုအတွက် အကြံပေးအဖွဲ့တွေကိုတောင် ငှားရမ်းထားပြီးပြီလို့ သိရပါတယ်။ လီဗာပူးအသင်းရဲ့ လက်ရှိတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆ ဘီလျံ (ပေါင် ၄ ဒဿမ ၄၈ ဘီလျံ) ကျော် ရှိနိုင်တယ်လို့လည်း Financial Times က ဆိုပါတယ်။

လီဗာပူးကို စိတ်ဝင်စားတဲ့သတင်း ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ လန်ဒန်မှာမွေးဖွားတဲ့ အသက် ၄၆ နှစ်အရွယ် ဘာတီးယားက အင်္ဂလန်ချန်ပီယံရှစ်ကလပ် QPR အသင်းရဲ့ ဒါရိုက်တာနဲ့ ပူးတွဲပိုင်ရှင်ရာထူးမှ နုတ်ထွက်လိုက်ပါတယ်။ 

အနောက်လန်ဒန်ကလပ် QPR မှာ ၁၈ ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ဘာတီးယားက သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို အသင်းရဲ့ရှယ်ယာအများစုပိုင်ရှင်ဖြစ်သူ ရူဘင်ဂနာနာလင်ဂမ်ဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

"ကျွန်တော် ဒီတာဝန်တွေမှ ဂုဏ်ယူစွာနဲ့ရော၊ ကျေးဇူးတင်စိတ်နဲ့ပါ နုတ်ထွက်လိုက်ပါတယ်။ ဒီနှစ်တွေတစ်လျှောက် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို QPR မိသားစုဝင်တွေလို ခံစားရအောင် လုပ်ပေးခဲ့ကြတဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ အဓိကအားဖြင့် ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်" လို့ ဘာတီးယားက ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ လီဗာပူးအသင်းကို ပေါင်သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့တဲ့ FSG နဲ့ ဘာတီးယားတို့အကြား ဆွေးနွေးမှုကတော့ ကနဦးအဆင့်မှာပဲ ရှိပါသေးတယ်။ အခုထိတော့ ဘာသဘောတူညီမှုမှ မရသေးပါဘူး။

၂၀၂၃ ခုနှစ်မှာလည်း FSG က ကမ္ဘာလုံးဆိုင်ရာ အားကစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်တဲ့ Dynasty ဆီ ရှယ်ယာအနည်းငယ် ရောင်းချခဲ့ပါသေးတယ်။ အခု ဘာတီးယားဆီမှ ရရှိလာမယ့် ရင်းနှီးမြှုပ်နှံမှုကိုလည်း လီဗာပူးအသင်း ပိုပြီးအောင်မြင်လာအောင် ပံ့ပိုးပေးတဲ့နေရာမှာ အသုံးပြုသွားပါလိမ့်မယ်။ 

Dynasty နဲ့ အရောင်းအဝယ်လုပ်ချိန် အစုရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀ (ပေါင် ၇၄ သန်း) မှ သန်း ၂၀၀ (ပေါင် ၁၄၉ ဒဿမ ၅ သန်း) အကြား ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။