The network connection is lost.

Banner Image

နောက်ထပ်တောင်ပံကစားသမားတစ်ဦး ခေါ်ယူသွားဖို့ ရှိတယ်လို့ အီရာအိုလာ အတည်ပြု

လီဗာပူးနည်းပြသစ်အီရာအိုလာက အခုနွေရာသီမှာ နောက်ထပ်တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ ကြိုးစားနေတယ်လို့ အတည်ပြုလိုက်ပါတယ်။

လီဗာပူးမှာ ကိုးနှစ်ကြာဖြတ်သန်းပြီး အောင်မြင်မှုတွေ ရယူသွားနိုင်တဲ့ အသက် ၃၄ နှစ်အရွယ်ဂန္ထဝင်ကစားသမား မိုဟာမက်ဆာလက် ထွက်ခွာသွားပြီးနောက် အသင်းရဲ့ညာတောင်ပံအတွက် လာမယ့်ရာသီမှာ အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

လီဗာပူးက အိုဆာဆူနာမှာ ခြေစွမ်းပြနေတဲ့ ဗစ်တာမူနော့ဇ်ကို နယူးကာဆယ်အပြိုင် ပေါင် ၃၄ သန်းဖြင့် အလျှင်အမြန်ခေါ်ယူထားနိုင်ပေမဲ့ ပရီးမီးယားလိဂ်ခေတ်ရဲ့ အကောင်းဆုံးကစားသမားလို့ ပြောနိုင်တဲ့ မိုဆာလက်ရဲ့နေရာကို အစားထိုးဖို့တော့ ကျန်ရှိနေပါသေးတယ်။

အမေရိကန်ရာသီကြိုခရီးစဉ်အစဖြစ်တဲ့ ချီကာဂိုမြို့သတင်းစာရှင်းလင်းပွဲမှာ ကစားသမားသစ် ဘယ်လောက်များများ‌ ခေါ်ယူချင်သလဲဆိုတဲ့ မေးခွန်းအပေါ် အီရာအိုလာက အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

"ဈေးကွက်ဖွင့်နေချိန်မှာတော့ အရေအတွက် အတိအကျပြောဖို့ ခက်ပါတယ်။ အသင်းကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် ရွေးချယ်စရာအသစ်တွေအတွက် အမြဲတမ်း အသင့်ရှိနေရပါမယ်။ ကစားသမားခေါ်ဖို့ သေချာပေါက်လိုအပ်နေတဲ့ နေရာတချို့လည်း ရှိပါတယ်။ ဥပမာ - တောင်ပံကစားသမားပေါ့၊ ကျွန်တော်တို့ တောင်ပံကစားသမားတစ်ဦး သေချာပေါက်ထပ်ခေါ်ဖို့ လိုပါတယ်" လို့ သူက ဆိုပါတယ်။

"တခြားနေရာတွေအတွက်ကတော့ ဈေးကွက်ထဲမှာ ဘယ်လိုအခွင့်အရေးတွေ ရှိလဲ၊ ဈေးနှုန်း ဘယ်လောက်ရှိလဲ၊ နောက်ပြီး ကျွန်တော်တို့ဆီမှာ ရှိနှင့်ပြီးသား ကစားသမားတွေအပေါ် ဘယ်လိုမြင်လဲဆိုတာတွေကို ဆန်းစစ်သွားရပါလိမ့်မယ်။ ကျွန်တော်တို့ ယုံကြည်ရတဲ့ ကစားသမားတချို့ ဒဏ်ရာရနေလို့ အခက်တွေ့နေရတဲ့ နေရာတချို့လည်း ရှိနေပါတယ်" လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။