The network connection is lost.

Banner Image

လူးဝစ်ဒီလာဖွန်တေရဲ့ မျက်နှာပုံ တက်တူးထိုးမယ်ဆိုတဲ့ ကတိကို တည်ပေးတော့မယ့် ကူကူရယ်လာ

စပိန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကူကူရယ်လာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က သူ့ရဲ့နည်းပြ လူးဝစ်ဒီလာဖွန်တေကို ပေးထားခဲ့တဲ့ နောက်ပြောင်ကျီစယ်ရာကနေ ထွက်ပေါ်လာတဲ့ ကတိတစ်ခုကို ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေပါပြီ။

နယူးဂျာစီမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး ဖာရန်တောရက်စ်က လူစားဝင်လာပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် စပိန်အသင်းဟာ လက်ရှိချန်ပီယံ အာဂျင်တီးနားကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိပြီး သူတို့ရဲ့ ဒုတိယမြောက် ဖီဖာကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ လူးဝစ်ဒီလာဖွန်တေနဲ့ ကစားသမားတွေဟာ မက်လိုက်ဖ် (MetLife) အားကစားကွင်းထဲမှာ ညဉ့်နက်တဲ့အထိ အောင်ပွဲခံခဲ့ကြပြီး ကူကူရယ်လာကတော့ အသင်းသစ် ရီးရဲလ်မက်ဒရစ်နဲ့ မပူးပေါင်းခင်မှာ နွေရာသီ အားလပ်ရက်အဖြစ် အနားယူတော့မှာဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ အကယ်၍ စပိန်အသင်းသာ ချန်ပီယံဖြစ်ခဲ့ရင် နည်းပြ လူးဝစ်ဒီလာဖွန်တေရဲ့ မျက်နှာကို လူမြင်သာတဲ့နေရာမှာ တက်တူးထိုးပါ့မယ်လို့ ကတိပေးခဲ့တဲ့အတိုင်း တကယ်ထိုးသွားမယ်လို့ နောက်ခံလူ ကူကူရယ်လာက အတည်ပြု ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြဖြစ်သူ လူးဝစ်ဒီလာဖွန်တေကိုလည်း ဒီအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ဝါရင့်နည်းပြကြီးက ကူကူရယ်လာဟာ သူ့ရဲ့ကတိအတိုင်း လုပ်မယ့်သူဆိုတာကို သိထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျွန်တော် သူနဲ့ စကားပြောပြီးပါပြီ၊ ကတိပေးထားရင်တော့ ကတိတည်ရမှာပေါ့။ နောက်ပြီး ကျွန်တော့်ရုပ်ကလည်း အဲဒီလောက်ကြီး ရုပ်ဆိုးမနေပါဘူး" လို့ ၎င်းက ဆိုပါတယ်။

နိုင်ငံတကာပြိုင်ပွဲကြီးတွေအပြီးမှာ ကစားသမားတွေကို အနားပေးရမယ်ဆိုတဲ့ ဖီဖာ (FIFA) ရဲ့ စည်းမျဉ်းတွေကြောင့် ကူကူရယ်လာနဲ့ ကျန်တဲ့ ကစားသမားတွေဟာ ဩဂုတ်လရောက်မှသာ သူတို့ရဲ့ ကလပ်အသင်းတွေနဲ့ ပြန်လည်ပူးပေါင်းပြီး ရာသီကြို လေ့ကျင့်မှုတွေ လုပ်ဆောင်ရမှာပါ။

လူးဝစ်ဒီလာဖွန်တေရဲ့ စပိန်အသင်းဟာ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ယူအီးအက်ဖ်အေ နေရှင်းလိဂ် (UEFA Nations League) ပြိုင်ပွဲမှာ အင်္ဂလန်၊ ခရိုအေးရှားတို့နဲ့ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။