The network connection is lost.

Banner Image

အနားယူချိန်နည်းပါးမှုအပေါ် စကာလိုနီ ညည်းတွား၊ စပိန်နဲ့ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲအတွက် လူစာရင်း မသေချာသေး

စပိန်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ စကာလိုနီက အာဂျင်တီးနားအသင်းရဲ့လေ့ကျင့်ချိန်နည်းပါးမှုနဲ့ အချို့ကစားသမားတွေရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ် စိုးရိမ်ပူပန်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဂျင်တီးနားအသင်းနည်းပြက ကစားသမားအတော်များများမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိကြသေးသလို တနင်္ဂနွေနေ့ဖိုင်နယ်အတွက် လူစာရင်းကို စနေနေ့မှသာ အပြီးသတ်ဆုံးဖြတ်သွားမယ်လို့ ရှင်းပြသွားပါတယ်။

"မလိုလားအပ်တဲ့ အချိန်မျိုးမှာ အတင်းအကျပ် လေ့ကျင့်ခိုင်းခဲ့တာတွေရှိတယ်၊ တကယ့်ကို ထူးထူးဆန်းဆန်းနဲ့ အလျင်စလို ဖြစ်သွားခဲ့တာပေါ့။ ဒါကြောင့် အခုတော့ ကစားသမားတွေကို အနားပေးဖို့ပဲ အာရုံစိုက်ထားပါတယ်။ သူတို့ ဘယ်လိုအခြေအနေနဲ့ ရောက်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတဲ့ ကစားသမားတွေ ရှိနေလို့ တနင်္ဂနွေနေ့မှာ ဘယ်လိုအသင်းမျိုး ပွဲထုတ်မလဲဆိုတာ ပြန်ကြည့်ရပါဦးမယ်" လို့ စကာလိုနီက ဆိုပါတယ်။

ပြိုင်ဘက်စပိန်အသင်းနဲ့ ပတ်သက်လို့လည်း ပြိုင်ဘက်ရဲ့ကစားဟန်ကို ချီးကျူးခဲ့သလို အသင်းနှစ်ခုလုံးရဲ့ပွဲစဉ်အပေါ်ချဉ်းကပ်မှုပိုင်း တူညီကြတယ်လို့ စကာလိုနီက ပြောပါတယ်။ "အရာအားလုံးက ဘောလုံးအပေါ်မှာပဲ အခြေခံကြတာဖြစ်လို့ ဒီအချက်မှာတော့ ကျွန်တော်တို့ အတော်လေး ဆင်တူပါတယ်။ စပိန်က ပြိုင်ပွဲတလျှောက် တိုးတက်လာခဲ့ပြီး သူတို့ရဲ့နောက်ဆုံးပွဲကတော့ အကောင်းဆုံးပွဲလို့ ပြောနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် အာဂျင်တီးနားအတွက် အားသာချက် ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ စကာလိုနီက "ဗိုလ်လုပွဲမှာ ကစားဖူးတယ်ဆိုတာ အဆုံးအဖြတ်ပေးမယ့်အချက်လို့ မထင်ပါဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ စပိန်တို့က အခုသီတင်းပတ်တနင်္ဂနွေနေ့၊ နယူးဂျာစီရှိ MetLife Stadium ကွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားကြပါလိမ့်မယ်။ ဒီအဆုံးအဖြတ်ပွဲစဉ်အတွက် မွန်တီရယ်လ်နဲ့ နီကိုဂွန်ဇာလက်ဇ်တို့ ပွဲထွက်လာနိုင်သလို ဒီပေါလ်လည်း ပွဲထွက်လူစာရင်းမှာ ပြန်ပါလာဖို့ အားခဲနေပါတယ်။