ပြင်သစ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရမှုအပေါ် လူကတ်စ်ဒင်းဂ်နေး ဖွင့်ဟလာ
ပြင်သစ်အသင်းရဲ့ ခံစစ်ကစားသမား လူကတ်စ်ဒင်းဂ်နေးက စပိန်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ “ကြီးမားတဲ့ စိတ်ပျက်အားလျော့မှု” ဖြစ်ရတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။
ဝါရင့်ဘယ်နောက်ခံလူဟာ ပွဲကစားချိန် ၂၂ မိနစ်မှာ လာမင်းယာမလ်ကို ဖျက်ထုတ်ရာကနေ ပင်နယ်တီပေးခဲ့ရပြီး စပိန်အသင်း ဦးဆောင်ဂိုးရရှိဖို့အတွက် မီကယ်အိုယာဇာဘယ်လ်ကို အခွင့်အရေးကောင်း ပေးခဲ့မိသူ ဖြစ်ပါတယ်။
အဲဒီပင်နယ်တီကို အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာကြောင့် ပြင်သစ်အသင်းဟာ ပွဲစကတည်းက အခြေအနေမကောင်းဘဲ ရုန်းကန်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ပတ်ဒရိုပေါ်ရိုက စပိန်အတွက် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် ပြင်သစ်တို့ ချေပဂိုးပြန်ရဖို့ မဖြစ်နိုင်တော့ဘဲ ရှုံးနိမ့်ခဲ့ရတာပါ။
ရှုံးနိမ့်မှုအပြီး နှစ်ရက်အကြာမှာ ဒင်းဂ်နေးက သူ့ရဲ့ Instagram ကနေတဆင့် အခုလို ပြောကြားခဲ့ပါတယ်။ “အခုတော့ အိပ်မက်တစ်ခု အဆုံးသတ်သွားခဲ့ပါပြီ။
ဒါဟာ ကောင်လေးတစ်ယောက်ရဲ့ အိပ်မက်ဖြစ်သလို ကျွန်တော်တို့နောက်ကွယ်မှာရှိတဲ့ ထောင်ပေါင်းများစွာသော လူတွေရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရာရာကို အလှပဆုံးတွေချည်းပဲ အမြဲစိတ်ကူးယဉ်တတ်ကြတာပါ။ ဒါပေမဲ့ အိပ်မက်တစ်ခု အဆုံးသတ်သွားတဲ့အခါ ခက်ခဲတတ်သလို အရှိတရားကို ပြန်နိုးထလာရတဲ့အခါမှာလည်း ပိုပြီး နာကျင်ရပါတယ်။ ဒီလောက်ကြီးမားတဲ့ စိတ်ပျက်မှုကို ဖော်ပြဖို့ စကားလုံးရှာရတာက ဒီနေ့အတွက် အခက်ခဲဆုံးပါပဲ။”
ပွဲရှုံးနိမ့်မှုမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုကို ပြန်လည်သုံးသပ်ရင်း ဒင်းဂ်နေးက “ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပါတယ်။ အသင်းအတွက်ရော၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့မှုတွေအတွက်နဲ့ ဒီလိုအံ့ဩဖို့ကောင်းတဲ့ ကစားသမားစုစုစည်းစည်းလေးအတွက်ပါ စိတ်မကောင်းဖြစ်ရပါတယ်။
ဒီကို ကိုယ်တိုင်လာရောက် အားပေးခဲ့သူတွေရော၊ ပြင်သစ်နဲ့ တကမ္ဘာလုံးကနေ အားပေးခဲ့ကြသူတွေအားလုံးကိုပါ ကျွန်တော် စဉ်းစားနေမိပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုတွေက ကျွန်တော်တို့ရဲ့ ဒီခရီးစဉ်တလျှောက်လုံးမှာ ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်” လို့ ဆိုပါတယ်။