အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပေမဲ့ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တွေအတွက် နောင်တမရမိဘူးလို့ ဆိုလိုက်တဲ့ သောမတ်စ်တူချယ်
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က အာဂျင်တီးနားကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း သူ့ရဲ့နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တွေအတွက် နောင်တမရမိဘူးလို့ ပြောဆိုလိုက်ပါတယ်။
၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲနောက်ပိုင်း အင်္ဂလန်အတွက် အရေးအကြီးဆုံးပွဲစဉ်လို့ တင်စားနိုင်တဲ့ အခုဆီမီးဖိုင်နယ်ပွဲစဉ်မှာ တူချယ်ရဲ့အသင်းက မက်ဆီဦးဆောင်လာတဲ့ အာဂျင်တီးနားကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန် ၅၅ မိနစ်မှာ အင်္ဂလန်က ဂေါ်ဒွန်ရဲ့ဦးဆောင်ဂိုးကို ရရှိခဲ့ပြီးနောက် လူစားလဲလှယ်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ခံစစ်ပိုင်းအင်အားဖြည့်တင်းခဲ့လို့ အာဂျင်တီးနားအတွက် အခွင့်အရေးပေးသလို ဖြစ်သွားခဲ့ပါတယ်။
ပွဲချိန်နှောင်းပိုင်းမှာတော့ အာဂျင်တီးနားက အန်ဇိုဖာနန်ဒက်ဇ်ရဲ့ချေပဂိုး၊ လော်တာရိုမာတီနက်ဇ်ရဲ့အနိုင်ဂိုးတို့ကို ရရှိပြီး စပိန်အသင်းနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးဆီ တက်လှမ်းရောက်ရှိသွားပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တူချယ်က သူ့ရဲ့ဆုံးဖြတ်ချက်တွေကို အခိုင်အမာ ကာကွယ်ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ နိုင်ပွဲနဲ့နီးစပ်ခဲ့ပေမဲ့ ဦးဆောင်ဂိုးသွင်းပြီးနောက်ပိုင်းမှာ ခြေစွမ်းကို ဆက်မထိန်းထားနိုင်ခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။
လူစားလဲမှုတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ တူချယ်က "ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ တိုက်စစ်ပိုင်းလူစားလဲမှုတွေ လုပ်ခဲ့တာပါပဲ။ ကစားသမားတွေကို ကူညီပေးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ဖိအားပေးမှုကို ချက်ချင်းဆိုသလို ခံစားလိုက်ရပါတယ်။ ငါးယောက်တန်းခံစစ်ပုံစံပြောင်းဖို့ဆိုတာ နေရာလွတ်တွေ အရမ်းများနေလို့ပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်က အမြင့်ဘောတွေမှာ အားသာနေသလို ဖြတ်တင်ဘောတွေလည်း တောက်လျှောက်ကန်တင်ပေးနေခဲ့ပါတယ်" လို့ ရှင်းပြပါတယ်။
"ဦးဆောင်ဂိုးရပြီးပြီးချင်း လူစားမလဲရသေးခင်မှာဘဲ ပြိုင်ဘက်အတွက် ဖြတ်တင်ဘောတွေ၊ အခွင့်အရေးတွေ ဆက်တိုက်ခွင့်ပြုပေးနေရလို့ ဂိုးဧရိယာအတွင်း နေရာလွတ်တွေ ပိတ်ပစ်ဖို့နဲ့ အမြင့်ဘောတွေကို ခုခံနိုင်စွမ်းရှိဖို့ ငါးယောက်တန်းခံစစ်ကို ပြောင်းလဲခဲ့တာပါ။ အသင်းအတွက် အကူအညီဖြစ်စေဖို့ ကြိုးစားခဲ့ပေမဲ့ ဒီအတွက်တာဝန်ကတော့ နည်းပြအပေါ်မှာပဲ ရှိပါတယ်။ ရလဒ်မကောင်းချိန် အမှားကျူးလွန်ခဲ့တယ်လို့ ပြောဖို့ဆိုတာ လွယ်ကူပါတယ်"
"ဘောလုံးကို မထိန်းထားနိုင်ရင် ဘာမှလုပ်လို့ မရပါဘူး။ ကျွန်တော်တို့လည်း ခံစစ်ဇုန်မှ မထွက်နိုင်ခဲ့ဘူး။ ဒုတိယဂိုးရရှိအောင် ကြိုးစားချင်ပေမဲ့ တိုက်စစ်ပိုင်းလူစားလဲလှယ်မှုတွေက အထောက်အကူဖြစ်စေလိမ့်မယ်လို့ မခံစားမိပါဘူး။ ကျွန်တော်တို့က ၄-၄-၂ ပုံစံနဲ့ပဲ ဆက်ကစားခဲ့ပေမဲ့ ပိုပိုပြီးတော့ အားနည်းလာခဲ့တယ်၊ ဘောလုံးလည်း မလုနိုင်တော့သလို ထိန်းလည်း မထိန်းထားနိုင်တော့ဘူး။ ဒါက ကစားကွက်တည်ဆောက်ပုံပြဿနာ မဟုတ်ပါဘူး။ ဦးဆောင်ဂိုးသွင်းပြီးနောက် ဘာမှမပြောင်းလဲခဲ့ပေမဲ့ ပွဲအခြေအနေတော့ လုံး၀ပြောင်းလဲသွားပါတယ်" လို့ သူက ဆက်ပြောပါတယ်။
"ဒါပေမဲ့ ဒါက ပြဿနာ မဟုတ်ပါဘူး၊ ဒီလို ဝေဖန်ငြင်းခုံမှုတွေကို ကျွန်တော် နားလည်ပါတယ်။ ဒီအကြောင်းကို နည်းပြပေါင်းတစ်သန်းလောက်နဲ့လည်း ဆွေးနွေးလို့ ရပါတယ်။ ကျွန်တော်ကတော့ ကွင်းထဲမှာ ဆုံးဖြတ်ချက်ချရတဲ့သူပါ။ တာဝန်ယူပါတယ်။ အခုချိန်မှာတော့ ဘာနောင်တမှ မရပါဘူး။ အသင်းက အစွမ်းကုန်ပေးဆပ်ခဲ့သလို ကျွန်တော်တို့တွေ ဗိုလ်လုပွဲနဲ့ အမှန်တကယ်နီးစပ်ခဲ့ပါတယ်"
"ကျွန်တော်တို့ ဦးဆောင်ဂိုးရရှိဖို့ ထိုက်တန်ပါတယ်။ အခုအခြေအနေတွေအရ ကျွန်တော်တို့က အကောင်းဆုံးပွဲစဉ်တစ်ခုကို ကစားနိုင်ခဲ့တာပါ။ အသင်းကတော့ ထိပ်တန်းအဆင့်ပါပဲ။ အနိုင်ရလဒ်ကို အဆုံးအထိ မသယ်ဆောင်နိုင်ခဲ့တာလေး တစ်ခုပါပဲ။ အခုလောလောဆယ်တော့ နောင်တရစရာ ဘာမှမရှိပါဘူး" လို့ တူချယ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။