ဗိုလ်လုပွဲတက်ဖို့အတွက် စပိန်အသင်းရဲ့ခြေစွမ်း အထွဋ်အထိပ်အထိ ရောက်ရှိနေပြီလို့ ဒီလာဖွန်တေ ဝင့်ကြွား
စပိန်နည်းပြလူးဝစ်ဒီလာဖွန်တေက အင်္ဂါနေ့၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် သူ့အသင်းအတွက် အကောင်းဆုံးအချိန်၊ အကောင်းဆုံးခြေစွမ်း ရရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။ ဒါက စပိန်အသင်းအတွက် ၂၀၁၀ ပြည့်နှစ်၊ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်မှု ဖြစ်ပါတယ်။
ဒဲလ်လက်စ်မှာကစားခဲ့တဲ့ ပွဲစဉ်အတွင်း ပွဲချိန် ၂၂ မိနစ်မှာ စပိန်အတွက် အိုယာဇာဘယ်လ်က ပင်နယ်တီအဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန်တစ်နာရီမပြည့်ခင်လေးမှာတင်ပဲ ပေါ်ရိုက အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ စပိန်ဘုရင်ကြီးဖီးလစ်(၆)ကိုယ်တိုင် အသင်းအဝတ်လဲခန်းဆီ ဖုန်းမှတဆင့် ချီးကျူးစကားပြောကြားခဲ့တယ်လို့ ဒီလာဖွန်တေက ထုတ်ဖော်လာပါတယ်။
"ကျွန်တော်တို့ဘုရင်ကြီးကိုယ်တိုင် ဖုန်းဆက်ပြီး ဆက်လက်အားပေးနေတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ လမ်းမပေါ် လူတွေခံစားနေရတဲ့ ပျော်ရွှင်မှုတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီမျိုးဆက်သစ်ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်း တကယ်ကိုကောင်းမွန်ပြီး တန်ဖိုးထားရမယ့် စံပြပုဂ္ဂိုလ်တွေပါပဲ" လို့ နည်းပြက ဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ်နည်းပြကြီးက အခုပွဲစဉ်ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ ပြိုင်ပွဲကာလတလျှောက်လုံး အဆင့်ဆင့်တိုးတက်လာအောင် ကြိုတင်စီစဉ်ထားခဲ့မှုရဲ့ ရလဒ်အဖြစ် တင်စားလိုက်ပါတယ်။
"ကျွန်တော်တို့က တစ်ပွဲပြီးတစ်ပွဲ၊ ပြိုင်ပွဲတစ်ခုပြီးတစ်ခု ပိုမိုတိုးတက်လာပါတယ်။ အခုလို အရေးကြီးတဲ့အချိန်တွေမှာ အကောင်းဆုံးပုံစံဖြစ်နေအောင် ကြိုတင်စီစဉ်ထားခဲ့ပြီး အခုတော့ ကျွန်တော်တို့ရဲ့အကောင်းဆုံးအခြေအနေဆီ ရှိနေပါပြီ။ ဘောလုံးကစားပုံပိုင်းမှာဆိုရင်လည်း ရှည်လျားတဲ့ဘောလုံးရာသီတစ်ခုအပြီး အခုလိုပဲ အချိန်ကိုက်မှာ ခြေစွမ်းပိုင်း အထွဋ်အထိပ်ဆီ ရောက်ရှိလာပါတယ်" လို့ သူက ဆိုပါတယ်။
အမ်ဘာပေဦးဆောင်လာတဲ့ ပြင်သစ်အသင်းတိုက်စစ်ပိုင်းကို စည်းလုံးညီညွှတ်မှုရှိရှိ၊ စည်းစနစ်ကျကျ၊ အနစ်နာခံမှုတွေနဲ့အတူ စပိန်အသင်း ဟန့်တားနိုင်ခဲ့တယ်လို့ ဒီလာဖွန်တေက သုံးသပ်ခဲ့ပါတယ်။
"ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးလက်ရွေးစင်အသင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့အကောင်းဆုံးအစုအဖွဲ့ကို ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့က အသင်းအဖွဲ့စိတ်ဓာတ်မျိုးနဲ့ ဘောလုံးကစားပြီး ကျွန်တော်တို့လို အသင်းမျိုးကို ဘယ်သူမှ အနိုင်မယူနိုင်ပါဘူး။ အခုချိန်မှာ အဲဒီလိုမျိုးပဲ ကျွန်တော်တို့ ခံစားနေရပါတယ်" လို့ ဒီလာဖွန်တေက ကြုံးဝါးလိုက်ပါတယ်။
ဒီလာဖွန်တေက ကွင်းလယ်လူရိုဒရီကို အသင်းရဲ့ကျောရိုးအဖြစ် တင်စားခဲ့သလို ဒါနီအိုလ်မိုကိုလည်း ပါရမီရှင်တစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ စပိန်နည်းပြက တစ်ဦးချင်းခြေစွမ်းထက် အသင်းလိုက်ကြိုးစားမှုကိုပဲ ပိုပြီး အလေးအနက်ထားခဲ့ပါတယ်။
"ဒီမှာ အရေးကြီးဆုံးက အသင်းပါပဲ၊ ကစားသမားတွေလည်း ဒါကို ကောင်းကောင်းနားလည်ထားပါတယ်။ တစ်ဦးချင်းစီက အသင်းရဲ့အကျိုးအတွက်ပဲ အလုပ်လုပ်ကြပါတယ်"လို့ သူက ဆိုပါတယ်။
အောင်ပွဲခံနေကြပေမဲ့ စပိန်အသင်းရဲ့တာဝန် မပြီးဆုံးသေးဘူးလို့လည်း ဝါရင့်နည်းပြကြီးက သတိပေးပါတယ်။
"ကျွန်တော်တို့မှာ နောက်ဆုံးတစ်ဆင့် ကျန်ပါသေးတယ်၊ ဒါ အခက်ခဲဆုံးအဆင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ကိုင်မြှောက်ချင်ပါတယ်"လို့ ဒီလာဖွန်တေက ပြောပါတယ်။
လာမယ့်တနင်္ဂနွေနေ့၊ နယူးယောက်မှာ ကစားမယ့် ဗိုလ်လုပွဲကိုလည်း အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့လည်း ဒီလာဖွန်တေက ဆိုပါတယ်။ "ဘယ်သူနဲ့တွေ့တွေ့ ကျွန်တော်တို့ကတော့ နွေးနွေးထွေးထွေး ကြိုဆိုနေပါမယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။