အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်းရဲ့နေရာမှာ ဘယ်လင်ဂမ်ကို အစားထိုးဖို့ အက်ဘွန်လာဟော ထောက်ခံ
အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း ဂတ်ဘီအက်ဘွန်လာဟောက ဒီကလန်ရိုက်စ်ထက် ဂျုဒ်ဘယ်လင်ဂမ်ကသာ အင်္ဂလန်ရဲ့ နောက်ထပ်အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟာ အခုနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး သွင်းဂိုး ၆ ဂိုးနဲ့အတူ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ talkSPORT နဲ့ စကားပြောရာမှာတော့ အက်ဘွန်လာဟောက သောမတ်စ်တူဟယ်လ်က ရိုက်စ်ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားလို့ သူဟာ ဟာရီကိန်းရဲ့ ဆက်ခံသူအဖြစ် သေချာနေတယ်ဆိုတဲ့ အမြင်တွေကို ငြင်းဆိုခဲ့ပါတယ်။
ဘယ်လင်ဂမ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပွဲကြီးပွဲကောင်းတွေမှာ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကြောင့် ဟာရီကိန်းရဲ့ လက်ပတ်ကို ဆက်ခံဖို့ သူကသာ အသင့်တော်ဆုံးသူဖြစ်တယ်လို့ အက်ဘွန်လာဟောက ယုံကြည်နေတာပါ။
"သူက အင်္ဂလန်ရဲ့ နောက်ထပ်အသင်းခေါင်းဆောင်ပဲ၊ အလွဲကြီးတွေ မတွေးနေကြပါနဲ့။ လူတွေက ဒီကလန်ရိုက်စ်အကြောင်း ပြောနေကြပေမဲ့ မဟုတ်ဘူး၊ ဟာရီကိန်းနောက်ပိုင်း အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာမှာက ဂျုဒ်ဘယ်လင်ဂမ်ပါ။ ဒါက ဘာမှစဉ်းစားနေစရာတောင် မလိုတဲ့အချက်ပဲ၊ တခြားဘာမှ ပြောနေစရာမလိုတော့ဘူး" လို့ အက်ဘွန်လာဟောက ပြောပါတယ်။
"သူကစားပုံတွေက ဇီဒန်းကို သတိရစေပါတယ်။ အခုချိန်မှာ သူက အသင်းကို ရုန်းကန်ပြီး ဆွဲတင်ပေးနေတာပါ။ သူက ကမ္ဘာ့အဆင့်မီကစားသမားတစ်ယောက်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်ပါတယ်။ ဒါ့အပြင် ကွင်းပြင်ပမှာ သူစကားပြောတာကို နားထောင်ကြည့်ရင်လည်း တကယ်ကို တည်ငြိမ်မှုရှိတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဟာရီကိန်းနောက်ပိုင်းမှာ သူပဲ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက တကယ်ကို ထူးချွန်ပြီး အသင်းကို ဦးဆောင်ခေါ်ယူသွားနိုင်သူပါ" လို့ ၎င်းက ဆိုပါတယ်။