
အင်တာနဲ့ပွဲက ဘာစီလိုနာစတားရဲ့ခြေစွမ်းကို အဘွန်လဟော ချီးကျူး
ဗီလာအသင်းစတားဟောင်း အဘွန်လဟောက အင်တာကို ၃-၃ သရေကျခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ဘာစီလိုနာစတား ယာမဲလ်ရဲ့ခြေစွမ်းကို ချီးကျူးလိုက်ပါတယ်။အဘွန်လဟောက ယာမဲလ်ရဲ့ခြေစွမ်းကို သဘောကျနေပြီး ဘောလုံးရပ်ဝန်းမှာ သူ့လိုကစားသမားမျိုးတွေလိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
အင်တာနဲ့ပွဲက ၃-၃ သရေကျခဲ့ပေမယ့် ဘာစီလိုနာရဲ့တိုက်စစ်မှာ ယာမဲလ်ရ့စွမ်းဆောင်ရည်ကောင်းတစ်ရပ်ကို မြင်ခဲ့ရတာဖြစ်ပါတယ်။ အဘွန်လဟောက မော်ဒန်ဘောလုံးလောကမှာ ယာမဲလ်လို အကြောက်အလန့်မရှိတဲ့ကစားသမားမျိုးလိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
အသက် ၁၇ နှစ်သာရှိသေးပေမယ့် ယာမဲလ်ဟာ ဘောလုံးလောကရဲ့အတောက်ပဆုံးသောကစားသမားတွေထဲကတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
စပိန်သားဟာ နိုင်ငံအသင်းအပြင် ကလပ်အသင်းမှာပါ စံချိန်တွေတင်ထားနိုင်ခဲ့ပြီး အင်တာနဲ့ပွဲမှာလည်း တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗီလာစတားဟောင်းရဲ့မှတ်ချက်က နည်းစနစ်ပိုင်းအရ အငြင်းအခုန်တွေဖြစ်လာနိုင်သလို အချို့လည်း ဝေဖန်နေတာတွေရှိနေတာဖြစ်ပါတယ်။
“ဒီမနက်ခင်းမှာ ယာမဲလ်အကြောင်း အားလုံးပြောနေကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးရသပြန်လည်ယူဆောင်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ပွဲကောင်းတစ်ပွဲကို ကြည့်ခွင့်ရခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။ ဘောလုံးလက်ခံရရှိလို့လည်း ကျေးဇူးတင်သလို ခံစစ်ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘောလုံးလက်ခံမရလို့လည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးပြောချင်တာက ပွဲကောင်းတစ်ပွဲအတွက် ကျေးဇူးတင်ပါတယ်။
အဲ့လိုပွဲမျိုးကို သဘောကျပါတယ်။ ကျွန်တော် ဘောလုံးသမားတစ်ဦးကို တစ်ဦးက ချီးကျူးတာကို ဆိုလိုတာပါ။ အရိုးသားဆုံးပြောရရင် ယာမဲလ်ဆိုတဲ့ကောင်လေးကို ကြည့်ဖြစ်ပါတယ်။ အဲ့ကောင်လေးကိုကြည့်ရင် ခင်ဗျား ယာမဲလ်ဖြစ်ချင်သွားမှာပါ။ ခင်ဗျား ဗင်နီမဖြစ်ချင်သလို ဘာပေလည်း မဖြစ်ချင်လောက်ပါဘူး။ ကျွန်တော် ဘာကိုစိတ်လှုပ်ရှားတာလဲဆိုရင် သူကစားတာက အန္တရာယ်မကင်းပါဘူး။
သူဘောလုံးရချိန်မှာ တစ်ဝက်တည်းနဲ့လှည့်ထွက်သလို ဗီဒီယိုတစ်ခုမှာဆိုရင် သူဘောလုံးရချိန် အတွင်းမှာ အနည်းငယ်ရပ်တန့်လိုက်ပြီး အကြောက်အလန့်မရှိ လှည့်ထွက်ခဲ့ပါတယ်။ သူက တကယ်ကိုအကြောက်အလန့်မရှိသလို ဖျော်ဖြေမှုလည်းပေးပါတယ်။ ဒါမျိုး ကျွန်တော်မြင်ချင်နေတာပါ။ ကျွန်တော် တောင်ပံမှာ ဘောလုံးကိုနောက်ပြန်ပေးတာ ဒါမှမဟုတ် ကွင်းလယ်ကစားသမားပြန်ပေးတဲ့ကစားသမားမျိုးတွေပဲ မြင်ရတာ ပင်ပန်းနေပါပြီ။
ကောင်လေးကို လွတ်လွတ်လပ်လပ်ကစားခွင့်ပေးလိုက်ပါ။ မက်ဆီတုန်းကလည်း အခုလိုမျိုးပါပဲ။ သူ့ကိုဘောလုံးပဲပေးလိုက်ပါ။ ကျန်တာကို သူကဆက်လုပ်ပါလိမ့်မယ်”လို့ အဘွန်လဟောက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အခုအပတ်မှာ လာလီဂါပွဲစဉ်အဖြစ် ဗယ်လာဒိုးလစ်နဲ့ကန်ရမှာဖြစ်ပြီး ယာမဲလ်တစ်ယောက် ပါဝင်လာဖွယ်ရှိနေပါတယ်။ အဲ့နောက် ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်တာမီလန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။