ပြုပြင်နေဆဲနူးကမ့်ကွင်းကြီးကြောင့် ၂၀၂၇-၂၀၂၈ ပထမရာသီဝက်ကို မွန်ဂျူးနစ်ကွင်းမှာ ကစားခွင့်ပေးဖို့ ဘာစီလိုနာတောင်းဆို
SPORT သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းက နူးကမ့်ကွင်းကို အကြီးစားပြုပြင်မွမ်းမံမှုတွေ ဆက်တိုက်လုပ်ဆောင်နေရလို့ ၂၀၂၇-၂၀၂၈ ဘောလုံးရာသီ၊ ပထမရာသီကို မွန်ဂျူးနစ်မှာရှိတဲ့ Estadi Olímpic Lluís Companys ကွင်းမှာပဲ ကစားခွင့်ပြုဖို့ လာလီဂါအဖွဲ့ချုပ်ဆီ တရားဝင် ခွင့်ပြုချက်တောင်းခံထားပါတယ်။
၂၀၂၇ ခုနှစ်၊ ဇွန်လအတွင်း စတင်ဖို့စီစဉ်ထားတဲ့ ကွင်းခေါင်မိုးတပ်ဆင်ခြင်းလုပ်ငန်းကြောင့် အခုလို ခွင့်ပြုချက်တောင်းခံရခြင်း ဖြစ်ပြီး ကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းရဲ့ အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။
ခေါင်မိုးတပ်ဆင်တဲ့လုပ်ငန်းရဲ့ခန့်မှန်းကြာမြင့်ချိန်ကို လေးလကျော်သတ်မှတ်ထားပြီး ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလလယ်မှာ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပေမဲ့ ဘာစီလိုနာအသင်းဘက်ကတော့ ကြိုတင်ပြင်ဆင်မှုအဖြစ် အခုလိုဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြန့်ကြာမှုရှိလာရင် ပွဲစဉ်တွေအပေါ် အနှောင့်အယှက်ဖြစ်လာနိုင်လို့ ရာသီဝက်အထိ အိမ်ကွင်းပွဲစဉ်အားလုံးကို မွန်ဂျူးနစ်မှာကစားခွင့်ပေးဖို့ ဘာစီလိုနာက တောင်းဆိုခဲ့ပါတယ်။
လာလီဂါဥက္ကဋ္ဌတီဘတ်စ်ဘက်ကတော့ ဒီအဆိုပြုချက်အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးလာတာမျိုး မရှိသေးပါဘူး။
ဘာစီလိုနာရဲ့ဒီအစီအစဉ်က ယူအီးအက်ဖ်အေ(UEFA)ရဲ့ စည်းမျဉ်းတွေကိုလည်း ထည့်သွင်းတွက်ချက်ထားပါတယ်။ UEFA ရဲ့စည်းမျဉ်းအရ ကလပ်အသင်းတွေက လိဂ်ပုံစံအိမ်ကွင်းပွဲစဉ်အားလုံးကို ကွင်းတစ်ခုတည်းမှာသာ ကစားရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင် ပြိုင်ပွဲကာလအတွင်း ကွင်းပြောင်းလဲပေးရမယ့်ပြဿနာမရှိလာအောင် ချန်ပီယံလိဂ်ပွဲစဉ်တွေအပါအဝင် ပထမရာသီဝက်အိမ်ကွင်းပွဲစဉ်အားလုံးကို မွန်ဂျူနစ်မှာပဲ ကစားသွားဖို့ ဘာစီလိုနာက ရည်ရွယ်ထားပါတယ်။
ခွင့်ပြုချက်သာရလာမယ်ဆိုရင် ဘာစီလိုနာအတွက် မွန်ဂျူးနစ်ဆီ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာမှု ဖြစ်သွားပါလိမ့်မယ်။ အတိတ်မှာလည်း နူးကမ့်ကွင်းပြုပြင်နေချိန်အတွင်း ဘာစီလိုနာက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတို့ကို မွန်ဂျူးနစ်ကွင်းမှာပဲ အပြည့်အ၀ဖြတ်သန်းခဲ့ပါတယ်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီစတင်ချိန် ဘာစီလိုနာက ဂျိုဟန်ခရိုက်ဖ်ကွင်းမှာ နှစ်ပွဲ၊ မွန်ဂျူးနစ်မှာ သုံးပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ်နှစ်ပွဲ ကစားပြီးနောက် ပြုပြင်မွမ်းမံထားတဲ့ နူးကမ့်ကွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ လာမယ့်ဘောလုံးရာသီသစ်ကိုတော့ အိမ်ကွင်းပွဲစဉ်အားလုံးအတွက် နူးကမ့်ကွင်းမှာပဲ ကစားသွားဖို့ ဘာစီလိုနာက မျှော်လင့်ထားပါတယ်။ သူတို့က ဩဂုတ် ၁၉ ရက်၊ နူးကမ့်ကွင်းမှာ ဂျိုအမ်ဂန်ပါဖလားဖိတ်ခေါ်ပွဲစဉ်ကို ကနဦးလက်ခံကျင်းပပြီးနောက် လာလီဂါအိမ်ကွင်းအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လကုန်ပိုင်းမှာ ဗယ်လီကာနိုနဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။ မူလအစီအစဉ်အရ ယှဉ်ပြိုင်ကစားရမယ့် ဘီလ်ဘာအိုနဲ့ပွဲစဉ်ကိုတော့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ဝင်ရောက်ကစားကြမယ့် ကစားသမားတွေကြောင့် ရွှေ့ဆိုင်းထားပါတယ်။
တဖက်မှာလည်း ကန်ထရိုက်တာ Limak က နူးကမ့်ကွင်း ပြုပြင်ရေးလုပ်ငန်းတွေကို နွေရာသီကာလတလျှောက်လုံး အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပါတယ်။ အောက်တိုဘာလမှာတော့ ကွင်းရဲ့တတိယထပ်တစိတ်ပိုင်းကို ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားပြီး ဒီလိုဖွင့်လှစ်နိုင်ဖို့ မြို့တော်ကောင်စီရဲ့ခွင့်ပြုချက်အပေါ် မူတည်နေပါတယ်။