အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာက ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးလိုက်တဲ့ ယာမယ်လ်
နွေရာသီအပြောင်းအရွှေ့သတင်းတွေ ပူပူနွေးနွေးဖြစ်နေချိန်မှာ လာမိုင်းယာမယ်လ်က အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ဆီကို အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပေါင် ၁၃၀ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ငြင်းဆန်ထားသလို သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းကိုလည်း လျှော့ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒီတစ်ပတ်အတွင်း သူ့ရဲ့အနာဂတ်အကြောင်း မေးမြန်းတဲ့အခါ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးက သူဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပွဲစဉ်တွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပြီး ဆွစ်ဇာလန်နဲ့ပွဲအတွက် ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့ဇာတ်လမ်းတွေ ဆက်ရှိနေစဉ်မှာပဲ လာမိုင်းယာမယ်လ်က ဂျူလီယန်အယ်လ်ဗာရက်ဇ်ဆီကို သတင်းစကားတစ်ခု ပေးပို့ခဲ့တာပါ။ ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း ၅၀၀ အထိ ရှိနေပေမဲ့ လာမယ့်သီတင်းပတ်တွေအတွင်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
"သူဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ လူတိုင်းက သူ့လိုလူမျိုးနဲ့အတူ ကစားချင်ကြတာပါ။ ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူးပါတယ်၊ သူ့ကို ကြိုဆိုဖို့ အဆင်သင့်ရှိနေပြီး သူသာ တကယ်လာဖြစ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး အရမ်းပျော်မိမှာပါ။ သူက ဘာစီလိုနာရဲ့ ကစားဟန်နဲ့လည်း ကောင်းကောင်းအံဝင်ခွင်ကျဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခြေအနေတွေ ဘယ်လိုရှိနေမလဲဆိုတာ ကျွန်တော်မသိပေမဲ့ ဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော့်အမြင်အရဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံးကလပ်၊ ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေနဲ့ ကမ္ဘာ့အကောင်းဆုံးမြို့ဆီကို လာနေတာပါ။ ဒါကြောင့် ကျွန်တော်သာဆိုရင်တော့ ဒီအပြောင်းအရွှေ့ကို လုပ်မိမှာပဲ။ သူလာချင်တယ်ဆိုရင် ကျွန်တော်တို့ စောင့်ကြိုနေမှာပါ၊ ကြွလှမ်းခဲ့ပါလို့ ပြောချင်ပါတယ်" လို့ လာမိုင်းယာမယ်လ်က ဆိုပါတယ်။
ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက်မှာ ဘာစီလိုနာအသင်းအနေနဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် မကြာခင်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးပမ်းလာဖို့ ရှိနေပါတယ်။
ဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာ ၂၀၂၄ နွေရာသီမှာ မန်စီးတီးကနေ အက်သလက်တီကိုဆီကို ပေါင် ၈၁.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ စပိန်ထိပ်တန်းကလပ်အတွက် ၁၀၆ ပွဲ ကစားပေးထားပြီး ၄၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။ အသင်းကလည်း တခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုကို အဆက်မပြတ် ရရှိနေပေမဲ့ သူ့ကို ဆက်ထိန်းထားဖို့ အလေးအနက် ဆန္ဒရှိနေပါတယ်။