အင်္ဂလန်ကိုရှုံးနိ့မ်ကာ ပြိုင်ပွဲမှထွက်ခွာလာရပေမဲ့ ကမ္ဘာ့ဖလားခရီးစဉ်ကို ဂုဏ်ယူအားရနေတဲ့ ဟာလန်း
ဟာလန်းက ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်ကို စိတ်မကောင်းစရာ ရှုံးနိမ့်ခဲ့ပေမဲ့ အခုကမ္ဘာ့ဖလားခရီးစဉ်ကို သူ့ဘ၀ရဲ့အကောင်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
မန်စီးတီးတိုက်စစ်မှူးက ဒီပြိုင်ပွဲကြောင့် ဘောလုံးလောကအပေါ်ထားရှိတဲ့ သူ့နိုင်ငံရဲ့ရည်မှန်းချက်တွေရော၊ ဘောလုံးအားကစားအပေါ် သူကိုယ်တိုင်ရှုမြင်ထားတဲ့ အမြင်တွေပါ ပြောင်းလဲသွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
နော်ဝေအသင်းရဲ့ အံ့အားသင့်စရာခြေစွမ်းပြမှုတွေက အင်္ဂလန်ကို ပွတ်ကာသီကာအရေးနိမ့်မှုနဲ့ အဆုံးသတ်သွားခဲ့ပေမဲ့ အမေရိကန်မှာ ကုန်ဆုံးခဲ့တဲ့ သီတင်းခြောက်ပတ်တာကာလအတွင်း အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ဟာလန်း ဂုဏ်ယူနေပါတယ်။
"ဒါက ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အကောင်းဆုံးဖြတ်သန်းခဲ့ရတဲ့ ရက်သတ္တပတ်တွေနဲ့ အကောင်းဆုံးခရီးစဉ်ပါပဲ" လို့ ဟာလန်းက VG သတင်းဌာနဆီ ပြောပါတယ်။
"တကယ့်ကို အိမ်မက်ဆန်လွန်းလို့ အခုချိန်အထိတောင် လက်ခံပေးဖို့ခက်နေတုန်းပါပဲ၊ နည်းနည်းတော့ ဟာတာတာဖြစ်သွားတာပေါ့။ လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀ ကို ပြန်စဉ်းစားကြည့်ရင် တကယ့်ကို မယုံနိုင်စရာပါပဲ။"
"တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်တွေက တစ်ပိုင်းပေါ့။ ဘရာဇီးလ်ကို နိုင်ခဲ့တာလည်း တစ်ပိုင်းပါ။ ဒါပေမဲ့ နော်ဝေနိုင်ငံကို ကမ္ဘာက ပိုသိအောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော့်အတွက် ရင်ထဲအထိဆုံးပါပဲ" လို့ သူက ဆိုပါတယ်။
"ဒါက နော်ဝေနိုင်ငံကို ပြောင်းလဲစေခဲ့သလို ကျွန်တော့်ကိုလည်း ပြောင်းလဲစေခဲ့တယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့သီတင်းခြောက်ပတ်တာကာလအတွင်း ခံစားချက်တွေ အနိမ့်အမြင့် အတက်အကျ အရမ်းများခဲ့လို့ ဒါတွေကို လက်ခံနိုင်ဖို့တောင် နည်းနည်းခက်နေပါတယ်။ အမှတ်တရ ဖြစ်ရပ်တွေရော၊ စိတ်လှုပ်ရှားစရာ ခံစားချက်တွေပါ တကယ်ကို များပြားခဲ့ပါတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။