The network connection is lost.

Banner Image

အင်္ဂလန်နဲ့ပွဲစဉ်မတိုင်ခင် အနံ့အသက်နဲ့ ဆူညံသံတွေကြောင့် နားခိုရာဟိုတယ်ပြောင်းလဲခဲ့တဲ့ နော်ဝေအသင်း

နော်ဝေလက်ရွေးစင်အသင်းက အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ကစားသမားတွေရဲ့တိုင်ကြားမှုကြောင့် တည်းခိုနေထိုင်ရာဟိုတယ်ကို ရုတ်တရက် ပြောင်းလဲလိုက်ပါတယ်။ အခန်းတွင်းသန့်ရှင်းမှုမရှိတာနဲ့ ဟိုတယ်ဘေးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ဆူညံသံတွေကြောင့် အခုလိုနားခိုရာနေရာ ပြောင်းလဲရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေအသင်းက တနင်္လာနေ့မွန်းလွဲပိုင်းမှာ မီယာမီဆီ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအစောင့်အရှောက်နဲ့အတူ မြို့ပြင် Fort Lauderdale မှာရှိတဲ့ 'The Dalmar' ဟိုတယ်ဆီ သွားရောက်ခဲ့ပါတယ်။

အဲဒီမှာတော့ ဟာလန်းနဲ့ နော်ဝေအသင်းအဖွဲ့ဝင်တွေကို ကြိုဆိုဖို့အတွက် ဖီဖာဝန်ထမ်းတွေ၊ ဟိုတယ်မန်နေဂျာ၊ ရဲတပ်ဖွဲ့ဝင် ၂၀ ဦးခန့်နဲ့ ဟိုတယ်ဧည့်ကြိုဝန်ထမ်းတွေ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ဒါပေမဲ့ နော်ဝေအသင်းကို ဧည့်ခံရတဲ့ပျော်ရွှင်မှုက သိပ်မကြာလိုက်ပါဘူး။ နော်ဝေအသင်းက နောက်တစ်ရက်အကြာမှာပဲ နားခိုရာဟိုတယ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နော်ဝေမီဒီယာ TV2.no ရဲ့ဖော်ပြချက်အရ အဲဒီဟိုတယ်က မော်တော်ယာဉ်အသွားအလာ အလွန်များပြားတဲ့ လမ်းမကြီးဘေးမှာ တည်ရှိတယ်လို့ သိရပါတယ်။ ဟိုတယ်အပြင်ဘက်မှာလည်း အကြီးစားဆောက်လုပ်ရေးခွင်တစ်ခု ရှိနေပြီး ကမ်းခြေနဲ့လည်း လမ်းလျှောက်ခရီး ၄ ကီလိုမီတာနီးပါး ကွာဝေးပါတယ်။

"ကျွန်တော်တို့ ဟိုတယ်ပြောင်းလိုက်ပါပြီ။ မူလတည်းခိုတဲ့နေရာမှာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ပုံစံမျိုး မရှိနေလို့ပါ။ အခုဆိုရင် ခရီးစဉ်က ခြောက်ပတ်ထဲ ရောက်နေပြီဖြစ်သလို ဒီမှာလည်း တစ်ပတ်လုံးနေရဖို့ရှိလို့ အခုလို ဆုံးဖြတ်ချက်ချလိုက်တာပါ။ နောက်ပြီး အခုကစားရမယ့်ပွဲစဉ်က ကျွန်တော်တို့ သမိုင်းတစ်လျှောက် အရေးအကြီးဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။ အခုထိတော့ အခန်းအောင်းရလွန်းလို့ စိတ်မကြည်မလင်ဖြစ်တာမျိုး မရှိသေးပေမဲ့ အရေးကြီးချိန်မှာ ဒီလိုပြဿနာမျိုးတွေ မကြုံချင်တာကြောင့် ဟိုတယ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ နော်ဝေအဖွဲ့ခေါင်းဆောင်ထရူးလ်စ်ဒေဟလီက NRK သတင်းဌာနဆီ ပြောပါတယ်။

NRK ရရှိတဲ့ သတင်းအချက်အလက်တွေအရ ကစားသမားတွေအတွက် ပေးထားတဲ့ ဟိုတယ်အခန်းတော်တော်များများမှာ ဆေးလိပ်နံ့တွေ နံနေတာ၊ မှိုတက်နေတာ ဒါမှမဟုတ် သန့်ရှင်းရေးပိုင်း မကောင်းမွန်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

"ဟုတ်ပါတယ်၊ ဒါတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို ချက်ချင်းပဲ ဖြေရှင်းပေးခဲ့ပါတယ်။ တကယ်တမ်းကတော့ ပတ်ဝန်းကျင်အနေအထားကြောင့်ပါပဲ။ တခြားလူတွေနဲ့လည်း ထိတွေ့နေရသလို တစ်ဖက်မှာလည်း ကျွန်တော်တို့က သီးသန့်ဖြစ်နေဖို့ လိုအပ်လို့ပါ" လို့ Daehli က ဆိုပါတယ်။

ဒါ့အပြင် ဖီဖာရဲ့ပူးပေါင်းဆောင်ရွက်ပေးမှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ "ဖီဖာဘက်က ဒါကို သဘောတူပေးခဲ့တယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ အခုဆိုရင် ဖီဖာသတ်မှတ်ပေးထားတဲ့ အခြားဟိုတယ်တွေမှာလိုပဲ ဟိုတယ်အခန်း ၅၀ အတွက်ရော၊ လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေးကိစ္စအားလုံးကို ဖီဖာကပဲ ဆက်ပြီး အကုန်အကျခံပေးနေပါတယ်။ သူတို့တွေ တကယ်ကူညီပေးကြပါတယ်" လို့ ဆိုပါတယ်။

နော်ဝေဘောလုံးအဖွဲ့ချုပ်က စျေးနှုန်းပိုမိုမြင့်မားတဲ့ ပြောင်းရွှေ့အခြေချရာဟိုတယ်အတွက် လိုအပ်မယ့်အခကြေးငွေကို ပေးချေသွားရပါလိမ့်မယ်။ နော်ဝေအသင်းက လာမယ့်စနေနေ့၊ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။