ရီးရဲလ်မက်ဒရစ်ဆီ ဟာလန်းပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ သုံးသပ်လိုက်တဲ့ မိုက်ကယ်အိုဝင်
ရီးရဲလ်မက်ဒရစ်အသင်းရဲ့စိတ်ဝင်စားမှု ရရှိထားပေမဲ့ ဟာလန်းကိုတော့ မန်စီးတီးမှာပဲ ဆက်မြင်တွေ့ရဦးမယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်ပြောကြားလိုက်ပါတယ်။
ဒီနှစ်ဆန်းပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌလောင်းရီကွယ်လ်မီက သူသာ လက်ရှိဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်ကိုကျော်ပြီး အရွေးခံရရင် ဟာလန်းကို ခေါ်ယူပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ ပီရက်ဇ်ကပဲ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပြီး နည်းပြဟိုဆေးမော်ရင်ဟိုလည်း ပြန်လည်ရောက်ရှိလာပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက မန်စီးတီးမှာရှိနေတဲ့ ဟာလန်းကတော့ အင်္ဂလန်ကိုအရေးနိမ့်ပြီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှ နော်ဝေအသင်း မထွက်ခွာချိန်အထိ ခုနစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒီတိုက်စစ်မှူးက မန်စီးတီးအတွက် ၁၉၈ ပွဲမှာ ၁၆၂ ဂိုးအထိ သွင်းယူထားနိုင်သလို နည်းပြဟောင်းပက်ဂွာဒီယိုလာလက်အောက်မှာ ရနိုင်သမျှ ဆုဖလားအားလုံးကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။
အသင်းနဲ့အတူ အောင်မြင်မှုတွေ အကုန်ရထားသလို ရီးရဲလ်မက်ဒရစ်နဲ့လည်း သတင်းတွေ ထွက်နေပေမဲ့ အိုဝင်ကတော့ ဒီဂန္ထဝင်တိုက်စစ်မှူးကြီးကို ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းသွားစရာ မရှိဘူးလို့ ပြောပြခဲ့ပါတယ်။
"သူတို့ဆီမှာ အမ်ဘာပေရှိနေသရွေ့တော့ အဲဒီလောက် ငွေအမြောက်အမြား ထပ်သုံးမယ်လို့ ကျွန်တော် မထင်ပါဘူး။ အမ်ဘာပေက ဘယ်ဘက်ခြမ်းကို နည်းနည်း ထွက်ကစားရတာ ကြိုက်လို့ ဗင်နီစီးယက်စ်နဲ့အတူတူ တွဲဖက်ကစားနိုင်ပါ့မလားဆိုပြီး လူတွေက အခုတောင် မေးခွန်းထုတ်နေကြပါတယ်။ တကယ်လို့ အမ်ဘာပေရော၊ ဟာလန်းပါ ရှိနေမယ်ဆိုရင် သူတို့နှစ်ဦးကို ဘယ်လိုနေရာချမလဲ? အမ်ဘာပေကို ဘယ်တောင်ပံမှာ ထားကစားမလား?"
"တကယ်တော့ တစ်ဦးမဟုတ် တစ်ဦးသာ ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဗဟိုတိုက်စစ်မှူးတွေလို့ ပြောလို့ရတဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့နှစ်ဦးကို အသင်းတစ်ခုတည်းမှာ ထားဖို့ဆိုတာ မလွယ်ကူပါဘူး။ ကုန်ကျစရိတ်တွေရော၊ သူတို့ကို ဘယ်လိုတွဲဖက်ပေးရမလဲဆိုတဲ့ အပိုင်းတွေမှာရောပေါ့။ အဲ့ဒီလိုဖြစ်လာဖို့ဆိုရင် အသင်းမှ အမ်ဘာပေထွက်သွားဖို့ပဲ ရှိတယ်လို့ ထင်ပါတယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ ကျွန်တော်တို့မျိုးဆက်မှာလည်း 'ဂလက်တီကို' (Galactico) ဆိုပြီး ကြိုးစားခဲ့ဖူးပါတယ်။ ကစားသမားကောင်းတွေကို စုဆောင်းရုံနဲ့တင် အဖြေတစ်ခု မဟုတ်ပါဘူး" လို့ အိုဝင်က ဆိုပါတယ်။
ဟာလန်းကတော့ အီတီဟတ်ကွင်းမှာ ၂၀၃၄ ခုနှစ်အထိ စာချုပ်ရှိနေပြီး အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် အခုသီတင်းပတ်ပိတ်ရက်၊ ကွန်မြူနတီဒိုင်းပွဲစဉ်ကို မျှော်လင့်နေသလို အသင်းအပေါ်မှာလည်း သစ္စာရှိပါတယ်လို့ ESPN ဆီ ပြောခဲ့ပါတယ်။
"ကျွန်တော် တကယ်ကို ပျော်ရွှင်နေသလို ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း စောင့်မျှော်နေပါတယ်။ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ ဒါက စိတ်လှုပ်ရှားစရာ အချိန်တွေလို့ ထင်တာကြောင့် မန်စီးတီးမှာပဲ ဆက်ပြီး ကြိုးစားသွားပါမယ်" လို့ သူက ဆိုပါတယ်။