အင်္ဂလန်နဲ့ ကမ္ဘာ့ဖလားပွဲမတိုင်ခင် ဟာလန်းကို ထူးခြားပြောင်မြောက်တဲ့ ကစားသမားတစ်ဦးလို့ နော်ဝေနည်းပြဆိုလ်ဘာကန် ချီးကျူး
လာမယ့်စနေနေ့၊ အင်္ဂလန်နဲ့ကစားရမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေချိန် နော်ဝေနည်းပြဆိုလ်ဘာကန်က ဟာလန်းကို တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ ကစားသမားတစ်ဦးပဲလို့ ပြောကြားလိုက်ပါတယ်။ ဒီပွဲစဉ်မှာတော့ အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူးကြီးက ပရီးမီးယားလိဂ်မှာ သူရင်ဆိုင်နေကျပြိုင်ဘက်နောက်ခံလူတွေနဲ့ ပြန်လည်ဆုံတွေ့ရဖို့ ရှိပါတယ်။
၁၉၉၈ ခုနှစ်နောက်ပိုင်း နော်ဝေအသင်းရဲ့ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခရီးစဉ်မှာ ဟာလန်းက အံ့ဩစရာကောင်းလောက်အောင် ခြေစွမ်းပြနေပါတယ်။ သူက အသင်းအတွက် လိုအပ်နေချိန် နေရာမှန်မှာ အမြဲရှိနေတက်ပြီး အခုအထိလည်း ခုနစ်ဂိုးသွင်းယူပေးကာ နော်ဝေကို နောက်ဆုံးရှစ်သင်းအဆင့်အထိ ပို့ဆောင်ပေးထားပါတယ်။
"ထိပ်တန်းကစားသမားအများစုကတော့ ပွဲထဲမှာ သူတို့ သိပ်မပါဝင်ရဘူးဆိုရင် 'ငါ ဒီမှာရှိတယ်' ဆိုတာကိုပြဖို့အတွက် ကွင်းထဲမှာ နေရာစုံလျှောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြသချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ ဟာလန်းကတော့ အဲဒီလိုလူမျိုး မဟုတ်ပါဘူး" လို့ ဆိုလ်ဘာကန်က သတင်းထောက်တွေကို ပြောပါတယ်။
"သူ ဘာကို အထက်မြက်ဆုံးလဲ၊ အသင်းကို ဘယ်လိုကူညီနိုင်မလဲဆိုတာ သူကိုယ်တိုင် ကောင်းကောင်းသိပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲမှာလည်း တွေ့ခဲ့ရတာပဲ။ အခုလိုပုံစံမျိုးနဲ့ကစားတဲ့ ဘောလုံးသမားမျိုး အရင်က တစ်ဦးမှ မရှိဖူးသေးပါဘူး" လို့ သူက ဆိုပါတယ်။
ဒါက ဘရာဇီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းသွင်းယူခဲ့တဲ့ နောက်ကျသွင်းဂိုးတွေကို ရည်ညွှန်းပြီး အသက် ၅၈ နှစ်အရွယ်နည်းပြကိုယ်တိုင် ပြောဆိုခဲ့တာပါ။ အခုဆိုရင် နော်ဝေပရိသတ်တွေလည်း အင်္ဂလန်နဲ့ပွဲစဉ်ကို ကြည့်ရှုဖို့အတွက် အမေရိကန်ဆီထွက်ခွာဖို့ ကြိုးစားနေကြပါတယ်။
လေကြောင်းလိုင်းတွေမှာ ဖလော်ရီဒါဆီဆိုက်ရောက်မယ့် လေယာဉ်လက်မှတ်တွေ ထပ်တိုးရောင်းချပေးနေပေမဲ့ ချက်ချင်းဆိုသလို ရောင်းကုန်သွားလေ့ရှိပါတယ်။ SAS လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူအွိုင်းစတိန်းရှမစ်ဒ်က "လက်မှတ်တွေကုန်သွားပုံက ဟာလန်းပြေးနှုန်းထက်တောင် မြန်နေပါဦးမယ်"လို့ နော်ဝေ TV2 သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။