ပါရာဂွေးအမျိုးသမီးလွှတ်တော်အမတ်ရဲ့ လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ အမ်ဘာပေ
ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပါရာဂွေးအသင်း ထွက်ခွာလာရပြီးနောက် ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေကို ပါရာဂွေးလွှတ်တော်အမတ်တစ်ဦးက လူမျိုးရေးအရ စော်ကားပုတ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် အမ်ဘာပေကလည်း ဒီအမျိုးသမားလွှတ်တော်အမတ်ကို "စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အမျိုးသမီး" လို့ တနင်္လာနေ့မှာ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
စနေနေ့၊ ဖီလာဒဲလ်ဖီးယားမှာ ကစားခဲ့တဲ့ အကြိတ်အနယ်ရှိသော်လည်း အားကစားစိတ်ဓာတ်နည်းပါးခဲ့တဲ့ အဲဒီပွဲစဉ်မှာ အမ်ဘာပေရဲ့ပင်နယ်တီဂိုးနဲ့အတူ ပြင်သစ်အသင်းက ပါရာဂွေးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။
ဒီပွဲစဉ်အပြီး ပါရာဂွေးအမတ်စီလက်စ်တီအာမာရီလာက သူမရဲ့ X လူမှုကွန်ရက်စာမျက်နှာမှတဆင့် အမ်ဘာပေကို လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန်ရေးသားပုတ်ခတ်ခဲ့ပါတယ်။ သူမက အမ်ဘာပေကို "ကိုလိုနီပြုခံထားရတဲ့ ကင်မရွန်းလူမျိုး၊ ပြင်သစ်လူမျိုးဖြစ်အောင် အသည်းအသန် ကြိုးစားနေသူ" လို့ ရေးသားခဲ့သလို "စာမတတ်တဲ့ အရိုင်းအစိုင်း" လို့လည်း စော်ကားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေကို ပါရာဂွေးကစားသမားကိုယ်တို်င ပွဲစဉ်အပြီးမှာ ပါးရိုက်ခဲ့သင့်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်အမ်ဘာပေကတော့ သူကိုယ်တိုင်အတွက်ရော၊ ပါရာဂွေးကစားသမားတွေအတွက်ပါ ကာကွယ်ပေးမှုအဖြစ် အမျိုးသမီးလွှတ်တော်အမတ်ကို ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ "မဒမ် စီလက်စ်တီအာမာရီလာ၊ ခင်ဗျားက တကယ့်ကို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အမျိုးသမီးဖြစ်သလို ဒီရာထူးတာဝန်နဲ့လည်း မထိုက်တန်ပါဘူး။ ခင်ဗျားက ပြိုင်ပွဲတစ်လျှောက် ဂုဏ်သိက္ခာရှိရှိနဲ့ အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့ ပါရာဂွေးနိုင်ငံကိုလည်း ကိုယ်စားမပြုပါဘူး" လို့ ရေးသားခဲ့ပါတယ်။
"ခင်ဗျားရဲ့ဆင်ခြင်တုံတရားမဲ့မှုနဲ့ အရှက်မဲ့တဲ့လူမျိုးရေးခွဲခြားမှုတွေကြောင့် ကမ္ဘာကြီးက ပါရာဂွေးကစားသမားတွေရဲ့သမိုင်းဝင်ကြိုးပမ်းမှုတွေကိုတောင် မေ့သွားစေပါတယ်။ ခင်ဗျားက နိုင်ငံရဲ့ပုံရိပ်ကို အဆိုးရွားဆုံးထိခိုက်အောင်လုပ်နေတဲ့ အရည်အချင်းမရှိတဲ့ အမျိုးသမီးတစ်ဦးပါပဲ။ ခင်ဗျားလိုလူမျိုးတွေရဲ့ အမုန်းတရားနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကမ္ဘာအနှံ့ ပျံ့နှံ့သွားစေဖို့ ကျွန်တော်ကတော့ လုံး၀ခွင့်မပြုပေးနိုင်ပါဘူး" လို့ အမ်ဘာပေက ဆိုပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီကိစ္စကိုအရေးယူဖို့ ပြင်ဆင်နေပြီး သူမရဲ့ပြောကြားချက်တွေကို "တကယ့်ကို ရွံရှာဖွယ်ကောင်းပြီး လက်ခံနိုင်စရာမရှိဘူး" လို့ ဖော်ပြကာ တရားစွဲဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။
"ဒီစကားတွေက ရာဇဝတ်မှုမြောက်သလို အပြစ်ပေးဖို့လည်း ထိုက်တန်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ ရှေ့နေချုပ်ရုံးဆီ တိုင်ကြားသွားပါမယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် "ဒီလိုစော်ကားမှုတွေက ပြောတဲ့သူရော၊ ဖြန့်ဝေတဲ့သူတွေအတွက်ပါ အရှက်ရစရာပါပဲ။ ပြင်သစ်လက်ရွေးစင်ကစားသမားတွေက ပြင်သစ်နိုင်ငံကို ကိုယ်စားပြုတာဖြစ်လို့ ဒါဟာ ကျွန်တော်တို့နိုင်ငံကို စော်ကားတာပါပဲ"လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။