ဘိုင်ယန်မြူးနစ်ဆီ ဟယ်ရီကိန်းရောက်ရှိလာဖို့ အသည်းအသန်ကြိုးစားခဲ့ရတယ်လို့ တူချယ်ဆို
ဟယ်ရီကိန်းရဲ့ဘိုင်ယန်မြူးနစ်ကစားသမားဘ၀စတင်ချိန် နည်းပြတာဝန်ယူခဲ့တဲ့ သောမတ်စ်တူချယ်က ဂျာမနီဆီပြောင်းရွှေ့လာမှုကြောင့် တိုက်စစ်မှူးအတွက် ပိုပြီးတိုးတက်စေတဲ့ အထောက်အကူပြုမှုတွေအကြောင်း ဆွေးနွေးလာပါတယ်။
ဟာရီကိန်းက ၂၀၂၃ ခုနှစ်မှာ တော့တင်ဟမ်နဲ့ အင်္ဂလန်ကို စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျာမန်ချန်ပီယံအသင်းနဲ့အတူ လတ်တလောရရှိထားတဲ့အောင်မြင်မှုတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီအပြောင်းအရွှေ့အတွက် အင်္ဂလန်အသင်းခေါင်းဆောင် နောင်တရနေဖို့ မရှိပါဘူး။
အဲဒီအချိန်တုန်းက တူချယ်က ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်နေခဲ့ပြီး ဟယ်ရီကိန်းကိုယ်တိုင်လည်း မြူးနစ်ဆီပြောင်းရွှေ့ဖို့အတွက် လက်ရှိအင်္ဂလန်နည်းပြရဲ့စည်းရုံးမှုတွေ အဓိကပါဝင်တယ်လို့ အတိတ်မှာ ပြောကြားခဲ့ဖူးပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆ သင်းရှုံးထွက်အဆင့်မှာ မက္ကဆီကိုကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း ဟယ်ရီကိန်းက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့
တူချယ်က ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့ဖြစ်မြောက်လာအောင် သံသယရှိနေသူတွေကို စည်းရုံးခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။
"ဟယ်ရီကိန်းဆိုတာ ထူးခြားတဲ့ကစားသမားဖြစ်သလို လူရည်မွန်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို ဘိုင်ယန်မြူးနစ်ဆီ ခေါ်ဖို့အတွက် အခြားကန့်ကွက်သံတွေကြားမှာပဲ ကျွန်တော် အသည်းအသန်တိုက်ပွဲဝင်ခဲ့ရပါတယ်" လို့ တူချယ်က ဆိုပါတယ်။ ဒီအပြောင်းအရွှေ့က ဟာရီကိန်းကို နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တယ်လို့ တူချယ်က ယုံကြည်နေပါတယ်။
"အမြဲတမ်းအစွမ်းကုန်ကြိုးစားနေရတဲ့ ဂျာမန်ယဉ်ကျေးမှုဆီ ရောက်ရှိသွားတယ်ဆိုတာ မှန်ကန်တဲ့ ခြေလှမ်းတစ်ရပ်ပါပဲ" လို့ သူက ထောက်ပြပါတယ်။
"ဟယ်ရီကိန်းက လက်ရှိဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီအတွက် အပြင်းအထန်ကစားပေးနေလို့ ကြံ့ခိုင်မှုအပိုင်းမှာလည်း အကောင်းဆုံးပုံစံဖြစ်နေပါတယ်။ ရရှိခဲ့တဲ့ ဆုဖလားတွေကြောင့် သူ့ပုခုံးပေါ်မှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးလျော့ကျသွားပါပြီ။ သူက အသင်းအပေါ် အနစ်နာခံလေ့ရှိသလို ကောင်းမွန်တဲ့ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာ မြင်တွေ့ရလို့ တကယ့်ကို ကျေနပ်စရာကောင်းပါတယ်"လို့ တူချယ်က ဆက်ပြောခဲ့ပါတယ်။
ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် ၁၄၇ ပွဲကစား၊ ၁၄၆ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ထူးခြားတဲ့ သွင်းဂိုးမှတ်တမ်းစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။