ကမ္ဘာ့ဖလားအပြီးမှာ ရော်နယ်ဒို လက်ရွေးစင်အသင်းမှအနားယူမယ်လို့ အစ်မဖြစ်သူ အတည်ပြု
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ နိုင်ငံတကာပွဲစဉ်တွေကနေ အနားယူတော့မှာဖြစ်ကြောင်း သူ့ရဲ့ အစ်မဖြစ်သူက အတည်ပြုပြောကြားခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ လာမယ့် ကြာသပတေးနေ့ (ဇူလိုင်လ ၂ ရက်) မှာ တိုရွန်တိုမြို့၌ ကစားမယ့် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနဲ့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရမှာပါ။
အုပ်စုအဆင့်ပွဲစဉ်တွေမှာ ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းပြသနိုင်မှု အားနည်းခဲ့တာကြောင့် အသက် ၄၁ နှစ်အရွယ် ဒီကစားသမားကြီးမပါဘဲ ကစားတာက ပိုကောင်းမလားဆိုတဲ့ မေးခွန်းတွေ အများအပြား ထွက်ပေါ်နေခဲ့ပါတယ်။
သူ့ရဲ့အစ်မဖြစ်သူ ကာတီယာရဲ့ အဆိုအရတော့ ဒီပြိုင်ပွဲအပြီးမှာ ရော်နယ်လ်ဒိုဟာ နိုင်ငံတကာကစားသမားဘဝကနေ အနားယူတော့မှာဖြစ်လို့ ဒါကို သိမြင်ဖို့ သိပ်မစောင့်ရတော့ပါဘူး။
ဖာဘရီဇီယို ရိုမန်နိုရဲ့ ဖော်ပြချက်အရ (SportTV မှတစ်ဆင့်) ကာတီယာက "ဒါဟာ မကြာခင်မှာ ပြီးဆုံးတော့မှာဖြစ်လို့ ဒီအချိန်လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ကြပါ။ ကျွန်မရထားတဲ့ ခိုင်လုံတဲ့ သတင်းအရတော့... ဒါဟာ သူ့ရဲ့ နောက်ဆုံးကပြကွက် ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။