The network connection is lost.

Banner Image

ဘာလိုဂန် အနီကတ်ပြခံရတာ မတရားဘူးလို့ ပိုချက်တီနိုပြောကြား

အမေရိကန်နည်းပြ မော်ရစ်စီယိုပိုချက်တီနိုက ဘော့စနီးယားကို တစ်ယောက်လျော့နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားတွေရဲ့စည်းလုံးမှုကို ချီးကျူးလိုက်ပါတယ်။ 

ဒါပေမဲ့ ပိုချက်တီနိုက တိုက်စစ်မှူး ဘာလိုဂန် အနီကတ်ပြပြီးအထုတ်ခံလိုက်ရတာကတော့ မတော်တဆထိမိရုံတင်ဖြစ်လို့ အနီကတ်မပြသင့်ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အမေရိကန်အသင်းအတွက် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရတာဖြစ်ပြီး ၁၆ သင်းအဆင့်မှာတော့ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပိုချက်တီနိုက"ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဖော်ပြဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေက ခြေစွမ်းပြနိုင်ခဲ့ကြလို့ပါ။ ကမ္ဘာ့ဖလားမှာတော့ လွယ်ကူတဲ့ပွဲဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့ ၅ ပတ်၊ ၆ ပတ်အတွင်း အသင်းရဲ့ တိုးတက်လာတဲ့ပုံစံနဲ့ ရင့်ကျက်မှုက တကယ့်ကို အံ့မခန်းပါပဲ" လို့ ပြောခဲ့ပါတယ်။

ဘာလိုဂန်ဟာ ယနေ့ပဲွစဉ်က အနီကတ်ကြောင့် ဘယ်လ်ဂျီယံနဲ့ ပွဲကြီးပွဲကောင်းပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ပိုချက်တီနိုက"ဒါက ဘယ်လိုမှ အနီကတ် မဖြစ်နိုင်ပါဘူး။ တီဗီမှာ ပြန်ကြည့်ရင်လည်း တစ်ဖက်ကစားသမားကို နင်းဖို့ ရည်ရွယ်ချက် လုံးဝမရှိတာ သိသာပါတယ်။

ဒါက ဘောလုံးပွဲတွေမှာ ဖြစ်နေကျအခြေအနေတစ်ခုပါ။ မတော်တဆ ဖြစ်သွားတာဖြစ်ပြီး တမင်လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်အတွက်တော့ ဘယ်တော့မှ အနီကတ် မဖြစ်သင့်ပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက ဘာလိုဂန်ဟာ အဝတ်လဲခန်းထဲမှာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတယ်လို့ ပြောပြခဲ့ပါတယ်။

ပိုချက်တီနိုက"ဒါပေမဲ့ အသင်းနောက်တစ်ဆင့်တက်သွားလို့ သူလည်း ပျော်နေပါတယ်။ ဒီလို အခြေအနေမျိုးတွေ ဖြစ်တတ်တယ်ဆိုတာကို သူ နားလည်ဖို့ လိုပါတယ်။ သူ ကျွန်တော်တို့ကို ထပ်ပြီးကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့် ထပ်တက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။