အမေရိကန်လက်ရွေးစင်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ ပိုချက်တီနို
ပိုချက်တီနိုက အမေရိကန်အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း(USMNT) နဲ့ စာချုပ်သက်တမ်းတိုးဖို့ အတော်လေးနီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၅၄ နှစ်အရွယ်ပိုချက်တီနိုရဲ့ မူလစာချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး သက်တမ်းကုန်ဆုံးဖို့ ရှိပေမဲ့ အမေရိကန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့လို့ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ၂၀၃၀ ပြည့်နှစ်အထိ နည်းပြအဖြစ် ပိုချက်တီနိုကို ဆက်လက်ခန့်အပ်ထားမယ့် သဘောတူညီချက်ရရှိဖို့ နီးစပ်နေပေမဲ့ ဆွေးနွေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်စီးအီးအို ဂျေတီဘတ်စတွန်က "အမျိုးသားလက်ရွေးစင်အသင်းနည်းပြပိုင်းနဲ့ ပတ်သက်လို့ ပိုချက်တီနိုနဲ့ရော၊ သူ့ရဲ့အဖွဲ့သားတွေနဲ့ပါ အနာဂတ်အတွက် အသေအချာ ဆွေးနွေးနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"အမေရိကန်ဘောလုံးလောကရဲ့အကောင်းဆုံးအချိန်တွေ ရှေ့မှာရှိနေတယ်ဆိုတာ ကျွန်တော်တို့အားလုံး ယုံကြည်ထားကြသလို သူတို့ကိုယ်တိုင်လည်း နယ်ပယ်အသီးသီးမှ ဘောလုံးလောကအပေါ် အကျိုးပြုနိုင်မယ့် အခွင့်အရေးအတွက် တကယ်ကို စိတ်လှုပ်ရှားနေကြပါတယ်" လို့လည်း ဆိုပါတယ်။