ကွင်းလယ်ပိုင်းအမှားတွေကို ထောက်ပြပြီး ဂျာမနီအသင်းကို သတိပေးစကားပြောလာတဲ့ ရူဒီဗောင်လာ
အုပ်စု (E) မှာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်နဲ့အတူ အုပ်စုဗိုလ်အဖြစ် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ဆီ ဂျာမနီအသင်း တက်လှမ်းနိုင်ပြီးနောက် ရူဒီဗောင်လာက အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်တွေကို ပြန်လည်သုံးသပ်ပြောကြားခဲ့ပါတယ်။
"အခြေအနေတွေ ခက်ခဲခဲ့ချိန်မှာတောင် ကျွန်တော်တို့က တကယ့်ကိုစိတ်အားထက်သန်မှုအပြည့်နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယနဲ့ တတိယပွဲစဉ်တွေမှာတော့ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းချိန်အတွင်း ကွင်းလယ်ပိုင်းမှာ မလိုအပ်ဘဲ ဘောလုံးတွေ အလွယ်တကူဆုံးရှုံးခဲ့ရပါတယ်" လို့ လာမယ့်တနင်္လာနေ့၊ ပါရာဂွေးနဲ့ရင်ဆိုင်ရမယ့် ဂျာမနီအသင်းရဲ့ ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မတိုင်ခင် စနေနေ့သတင်းစာရှင်းလင်းပွဲမှာ အိုင်ဗရီကို့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ အီကွေဒေါကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေကို ရည်ညွှန်းပြီး ဗောင်လာက ပြောကြားခဲ့ပါတယ်။
"အိုင်ဗရီကို့စ်နဲ့ အီကွေဒေါတို့လို အသင်းတွေက အခုလို အမှားတွေကို အခွင့်ကောင်းယူပြီး ပြစ်ဒဏ်ပေးနိုင်စွမ်း ရှိကြပါတယ်။ အရာအားလုံး အမြဲတမ်းမပြီးပြည့်စုံနေပေမဲ့ အရေးကြီးတဲ့နေရာတွေမှာတော့ အခုလိုအမှားမျိုးတွေ ထပ်လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ဆီမှာ အခွင့်အရေးဖန်တီးပေးနိုင်စွမ်းရှိတဲ့၊ ထိုးဖောက်ဆွဲပြေးနိုင်စွမ်းရှိတဲ့ ကစားသမားကောင်းတွေ ရှိထားလို့ လိုအပ်တဲ့ စည်းကမ်းပိုင်းနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ကြဖို့ပဲ လိုအပ်ပါတယ်" လို့ ဂျာမနီအမျိုးသားအသင်းရဲ့ အားကစားဒါရိုက်တာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီကွေဒေါကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ ဗောင်လာကတော့ ဒီရှုံးနိမ့်မှုကို လက်ခံပြီး ပွဲစဉ်မတိုင်ခင် အုပ်စုပထမနေရာရရှိထားပြီးဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
"ကျွန်တော်တို့ အီကွေဒေါနဲ့ပွဲစဉ်ကို အုပ်စုအဆင့်ကျော်ဖြတ်ထားနိုင်ပြီဆိုတာသိထားလျက်နဲ့ ဝင်ရောက်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အရှိန်အဟုန်ကို ဆက်လက်ထိန်းချင်တာကြောင့် ကစားသမား ရွေးချယ်မှုကို အပြောင်းအလဲအနည်းငယ်ပဲ ပြုလုပ်ခဲ့ပြီး ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်" လို့ ဗောင်လာက ပြောကြားခဲ့ပါတယ်။
"အိုင်ဗရီကို့စ်လိုပဲ အီကွေဒေါက ကျွန်တော်တို့အတွက် ခက်ခဲတဲ့စိန်ခေါ်မှုတွေ ပေးနိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့က ရှုံးထွက်အဆင့်ကို စဉ်းစားပြီး ဒုတိယပိုင်းမှာ လူစားလဲမှုအများအပြားပြုလုပ်ခဲ့သလို ကစားသမားအချို့ကိုလည်း အနားပေးခဲ့ပါတယ်။ ရလဒ်ပိုင်း ဘယ်လိုပဲဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။"
"ကျွန်တော်တို့ သေချာပေါက်အနိုင်ရချင်ခဲ့ပေမဲ့ အရှုံးရလဒ်အပေါ် လက်ခံနိုင်ပြီး သင်ခန်းစာယူသွားပါမယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံအတိုင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့တွေ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်မယ့် အသင်းတစ်ခုအဖြစ် ဆက်ရှိနေပါလိမ့်မယ်" လို့ ဆိုပါတယ်။