ဟယ်ရီကိန်းအတွက် အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအစီအမံအပေါ် စိတ်ပျက်မိနေတဲ့ ဝိန်းရွန်းနီ
အုပ်စု (L)ရဲ့အပိတ်ပွဲစဉ်မှာ ပနားမားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူချိန် ဒုတိယမြောက်ဂိုးသွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်းက ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်တွေကို ဆက်လက်ချိုးဖျက်နေပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက ပွဲချိန်ဒုတိယပိုင်းမှာ သူ့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၁ ဂိုးမြောက်နဲ့ အမေရိကန်မြေကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့တတိယမြောက်ဂိုးဖြစ်မေယ့် သွင်းဂိုးကို ရယူခဲ့ပြီး အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းက အင်္ဂလန်အသင်းသမိုင်းတလျှောက် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးဖြစ်တဲ့ ဂယ်ရီလိုင်နီကာရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဓိကချန်ပီယံဆုဖလားကို ရယူချင်တဲ့ အင်္ဂလန်အသင်းရဲ့မျှော်မှန်းချက်တွေကို အားဖြည့်ပေးခဲ့ပါတယ်။
ဒီလိုဟယ်ရီကိန်းရဲ့အရေးကြီးအခန်းကဏ္ဍကြောင့် သောမတ်စ်တူချယ်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ကလပ်အသင်းအတွက် တစ်ရာသီကို ၅၁ ပွဲအထိ ပါဝင်ကစားတဲ့ တိုက်စစ်မှူးရဲ့ပွဲကစားချိန်အပေါ် ချိန်ညှိပေးရမယ့် အခြေအနေမျိုး ရှိလာပါတယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမားက အင်္ဂလန်ရဲ့အဖွင့်ပွဲစဉ်နှစ်ခုလုံးကို မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပြီး ခရိုအေးရှားကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုး သွင်းယူခဲ့ပေမဲ့ ဂါနာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။
တူချယ်က ပနားမားနဲ့ပွဲစဉ်အတွင်း ဟယ်ရီကိန်းဂိုးသွင်းယူပြီးနောက် ၁၇ မိနစ်အကြာ၊ ပွဲပြီးဖို့ ၆ မိနစ်အလိုမှသာ တိုက်စစ်မှူးကို လူစားလဲခဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီအတွက် စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
"အရင်ပြိုင်ပွဲတွေကတည်းက ပွဲပြီးချိန်လောက်ကျရင် ဟယ်ရိကိန်းဆီမှာ ပင်ပန်းနွမ်းနယ်နေပုံတွေ မြင်တွေ့ရပါတယ်။ ပနားမားနဲ့ပွဲစဉ်မှာ သူက ပွဲချိန် ၈၄ မိနစ်အထိ ကွင်းပြင်ပဆီ ထွက်မလာခဲ့ပါဘူး" လို့ ရူးနီက BBC Sport ဆီ ပြောကြားခဲ့ပါတယ်။
"သူဂိုးသွင်းယူပြီး အင်္ဂလန်အသင်း နှစ်ဂိုးပြတ်ဦးဆောင်နေချိန်မှာ ပွဲပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်ဆိုရင်တော့ သူ့ကို အဲဒီအချိန်မှာတင် ချက်ချင်း လူစားလဲလိုက်ပါမယ်"
"ဒါက ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်၂၀ အတွက် သူ့ကို အနားပေးနိုင်ပြီး ဘောလုံးပွဲစဉ်ဆိုတာလည်း ကစားသမားတစ်ဦးကို တကယ်ပင်ပန်းနွမ်းနယ်စေလို့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်"
"ကျွန်တော်တို့ ဒါကို ဆောက်ဂိတ်လက်ထက်မှာ မြင်တွေ့ခဲ့ဖူးပါတယ်။ သူက ဟယ်ရီကိန်းကို ဘယ်တော့မှ လူစားလဲလေ့မရှိသလို တူချယ်ကိုယ်တိုင်လည်း ဒါကို သင်ခန်းစာယူပြီး တက်နိုင်သမျှ အနားပေးသွားဖို့ မျှော်လင့်မိပါတယ်" လို့ ဝိန်းရွန်းနီက ဆိုပါတယ်။
ဟယ်ရီကိန်းက ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ပွဲစဉ်ခုနစ်ခုမှာ ငါးခုကို မိနစ် ၉၀ ထက်မနည်း ပါဝင်ကစားခဲ့သလို ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲစဉ်ငါးခုအနက် သုံးခုကို မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ မြူးနစ်မြို့၊ စပိန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာတော့ ဆောက်ဂိတ်က ဟယ်ရီကိန်းကို အံ့အားသင့်ဖွယ် လူစားလဲလှယ်ခဲ့ပါတယ်။