ဂျပန်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ ဟာသပြောဆိုမိမှုအတွက် ရာဖေးလ်ဗန်ဒါဗား ပြန်လည်တောင်းပန်
နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်း ရာဖေးလ်ဗန်ဒါဗားဟာ ဂျပန်အသင်းအပေါ် ပြောဆိုခဲ့တဲ့ ဟာသတစ်ခုအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး လူမျိုးရေးခွဲခြားလိုတဲ့ ဒါမှမဟုတ် ခွဲခြားဆက်ဆံလိုတဲ့ သဘောထား လုံးဝမပါဝင်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် ကစားသမားဟောင်းနဲ့ လက်ရှိ ဘောလုံးဝေဖန်ရေးသမားဖြစ်သူ ဗန်ဒါဗားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇွန်လ ၁၄ ရက်) က ကစားခဲ့တဲ့ ဂျပန်နဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဒတ်ချ်ရုပ်သံလိုင်း NOS အတွက် ပွဲထုတ်လွှင့်မှုအပိုင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ ဒါအိချီကာမာဒါက ၈၈ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့တာကြောင့် ဂျပန်အသင်းဟာ ပွဲပြီးခါနီးမှာ သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်။
ကာမာဒါရဲ့ ချေပဂိုးနဲ့ပတ်သက်ပြီး ဗန်ဒါဗားက NOS ရုပ်သံမှာ "ပြီးပြည့်စုံတဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်ဖို့ တကယ်ခက်ခဲပါတယ်။ အခုတစ်ခေါက်ကတော့ အရှိန်လည်းကောင်းပြီး ၅ ကိုက်စည်းကျော်ကျော်လေးကို ရောက်လာတာပါ။ ကံကောင်းရင်တော့ တန်းဝင်သွားနိုင်ပေမဲ့ ထောင့်ကန်ဘောက တကယ်ကောင်းလွန်းပါတယ်။
သူတို့ (ဂျပန်ကစားသမားတွေ) က တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းဆင်နေကြတာကိုး၊ ဗန်ဒီဗန်ကလည်း အဲဒီလိုပဲ ထင်သွားတာနေမှာပါ... ဒါကတော့ နောက်ပြောင်တာပါ၊ ကျွန်တော် ဘာမှတောင် မပြောရဲတော့ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗန်ဒါဗားက ၎င်းရဲ့ပြောဆိုချက်တွေအတွက် အခုလို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ "ကျွန်တော့်ရဲ့စကားတွေက တချို့သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ နားလည်ပါတယ်။ အဲဒီအတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်ကြောင့် လူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ ထွက်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကို ကျွန်တော် အလေးအနက်ထားပြီး စကားလုံးတွေကို အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်တယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပြောဆိုမှုနောက်ကွယ်မှာ လူမျိုးရေးခွဲခြားလိုတဲ့ ဒါမှမဟုတ် ခွဲခြားဆက်ဆံလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ဒီရှင်းလင်းချက်က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုအခြေအနေမျိုးမှာ ပြောခဲ့တယ်ဆိုတာကို ပိုပြီး ထင်ထင်ရှားရှားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဗန်ဒါဗားအနေနဲ့ ၎င်းပြောဆိုခဲ့တဲ့ စကားတွေရဲ့ နောက်ကွယ်က တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ ရှင်းပြသွားခြင်း မရှိပါဘူး။