ဒီအာကွန်ဂိုမှာ စီရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ တိုက်စစ်မှူးဝစ်ဆာ ယုံကြည်နေ
အုပ်စု(K)အဖွင့်ပွဲစဉ်အဖြစ် ဟူစတန်မြို့မှာ ပေါ်တူဂီအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ဒီအာကွန်ဂိုအသင်းအတွက် အခုကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးအချိန်မှစတင်ရမယ့် အသင်းတွေထဲမှာ ပါဝင်လာပေမဲ့ တိုက်စစ်မှူးဝစ်ဆာကိုယ်တိုင်ကတော့ အခုလိုစောင့်ဆိုင်းခဲ့ရလို့ ကျေနပ်နေပါလိမ့်မယ်။
ဒီအာကွန်ဂိုအသင်းက နိုင်ငံအတွင်း အီဘိုလာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုတွေရှိနေလို့ ဥရောပမှာပဲ ကာလရှည်အခြေစိုက်ခဲ့ရပြီး ဟူစတန်မြို့ဆီ မရောက်ရှိလာခင် ဒိန်းမတ်၊ ချီလီတို့နဲ့ ခြေစမ်းခဲ့ကာ ဟူစတန်မြို့ရဲ့ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့အသားကျအောင် ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း အခုလိုစောင့်ဆိုင်းရမှုကြောင့် ကစားသမားတွေအတွက် ပြိုင်ပွဲရဲ့ကနဦးအဖွင့်ပွဲစဉ်တွေကို ကြည့်ရှုနိုင်ခဲ့သလို ၁၉၇၄ ခုနှစ်မှာ ဇိုင်ယာအဖြစ် နောက်ဆုံးအကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ပြီးနောက် ဒီအာကွန်ဂိုအတွက် ပြိုင်ပွဲရဲ့အဆင့်အတန်းကို ကောင်းကောင်းသိရှိခံစားနိုင်ခဲ့ပါတယ်။
"ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လိုကစားရမလဲဆိုတာနဲ့ ပြိုင်ပွဲအကြောင်း ပိုမိုနားလည်စေဖို့အတွက် အသင်းတိုင်းကို ကြည့်ရှုနိုင်ခဲ့တယ်ဆိုတာ ကံကောင်းတယ်လို့ ခံစားရပါတယ်" လို့ ဝစ်ဆာက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ "လက်ရှိမှာ စိတ်လှုပ်ရှားမှုအချို့ရှိနေပေမဲ့ ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပါတယ်"
"ပေါ်တူဂီအသင်းဆိုတာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေအနက် တစ်သင်းဖြစ်သလို ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက်လည်း စိန်ခေါ်နိုင်စွမ်းရှိလို့ ကျွန်တော်တို့ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တကယ်ကို တောင့်တင်းခိုင်မာနေဖို့ လိုအပ်ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
ဒါ့အပြင် ဘရန့်ဖို့ဒ်ကစားသမားဘ၀မှာ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ကစားရချိန် သိကျွမ်းခဲ့ဖူးတဲ့ စီရော်နယ်ဒိုနဲ့လည်း ဝစ်ဆာကိုယ်တိုင် ပြန်လည်ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။
"စီရော်နယ်ဒိုက ကျွန်တော်တို့အသင်းဘက်ကို ပင်နယ်တီမှတဆင့် ဂိုးသွင်းယူခဲ့ဖူးသလို အခုဆိုရင် ကျွန်တော်က သူ့ကို တတိယအကြိမ်မြောက် ရင်ဆိုင်ကစားသွားရပါတော့မယ်။ သူက ကစားသမားတိုင်းရဲ့အိုင်ဒေါတစ်ဦး ဖြစ်ပေမဲ့ မနက်ဖြန်မှာတော့ ကျွန်တော်တို့တွေ သူ့ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားပြီး အနိုင်ရရှိဖို့ မျှော်လင့်ထားပါတယ်" လို့ ဝစ်ဆာက ဆိုပါတယ်။
အခုကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်ကို မော်ရိုကို၊ အိုင်ဗရီကို့စ်၊ အီဂျစ်နဲ့ ကိတ်ဗာဒီအသင်းတို့ အကောင်းဆုံးစတင်ထားနိုင်လို့ ဝစ်ဆာကလည်း အာဖရိကတိုက်အတွက် ရလဒ်ကောင်းတွေကို ဒီအာကွန်ဂိုအသင်း ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
"သူတို့တွေ လုပ်ဆောင်ခဲ့တဲ့အရာတွေကတော့ အာဖရိကအသင်းတွေ တိုးတက်ကောင်းမွန်တယ်ဆိုတာကို ကမ္ဘာကြီးကို သက်သေပြသလိုက်တာပါပဲ။ ဒါ တကယ့်ကို အရေးကြီးပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အာဖရိကတိုက်ကိုယ်စားပြု အသင်း ၁၀ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အရည်အသွေးကောင်းတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်။ အခုအချိန်အထိ အာဖရိကအသင်းတွေရဲ့ရလဒ်နဲ့ပတ်သက်လို့ တကယ်ပဲ ကျေနပ်ဝမ်းသာမိပါတယ်" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ နယူးကာဆယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်နိုင်ဖို့အတွက် သူ့ရဲ့ကစားသသမားဘ၀ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ဆန်းစစ်နိုင်ခဲ့ပါတယ်။
"တကယ့်ကို ကြီးမားတဲ့ အခွင့်ထူးတစ်ရပ်ပါပဲ။ ကျွန်တော် ဘာကိုမှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့သလို ကျွန်တော့်ကို အမြဲတမ်းအားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်အတွက် ဒီအခိုက်အတန့်အပေါ် တကယ်ပဲ ကျေနပ်မိပါတယ်" လို့ ဝစ်ဆာက ပြောကြားခဲ့ပါတယ်။
"ဒါ ကျွန်တော့်အတွက်ရော၊ ကွန်ဂိုအသင်းနဲ့ ပရိသတ်တွေအတွက်ပါ ကြီးမားလှတဲ့စင်မြင့်တစ်ခု ဖြစ်နေလို့ တကယ်ကို အဓိပ္ပာယ်ရှိပါတယ်" လို့ သူက ဆိုပါတယ်။