လေ့ကျင်းခန်းပြန်ဆင်းနေပေမဲ့ ဟေတီနဲ့ပွဲစဉ်ကို ပါဝင်ကစားဖို့ မသေချာသေးတဲ့ ဘရာဇီးကြယ်ပွင့်နေမာ
နေမာက အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ်အဖြစ် ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကွင်းတွင်းလေ့ကျင့်ရေးပြုလုပ်ခဲ့ပြီးနောက် သောကြာနေ့မှာကစားမယ့် ဟေတီနဲ့ပွဲစဉ်ကိုတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဒီလေ့ကျင့်ရေးအစီအစဉ်ကို မီဒီယာကြည့်ရှုခွင့် ပိတ်ပင်ထားခဲ့ပေမဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ဖော်ပြချက်အရ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးက ကွင်းတွင်းမှာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေအပြင် ဘောလုံးနဲ့ထိတွေ့မှုအချို့လည်း ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ နေမာက ကျန်အသင်းဖော်ကစားသမားတွေနဲ့အတူ နည်းဗျူဟာပိုင်းဆိုင်ရာလေ့ကျင့်မှုတွေမှာ မပါဝင်နိုင်သေးသလို မော်ရိုကိုနဲ့ သရေကျပြီးနောက် ခက်ခက်ခဲခဲစတင်ခဲ့ရတဲ့ ဘရာဇီးရဲ့ကမ္ဘာ့ဖလားခရီးစဉ်အတွင်း ဘယ်အချိန်မှာ အပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်မလဲ သို့မဟုတ် ပါဝင်ကစားနိုင်မလဲဆိုတာ မရေမရာအခြေအနေမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း သူက နယူးဂျာစီရှိ ဘရာဇီးအသင်းရဲ့လေ့ကျင့်ရေးစင်တာမှာ ကာယကုထုံးပညာရှင်တွေ၊ ကြံ့ခိုင်ရေးနည်းပြတွေနဲ့အတူ မိုးလုံလေလုံလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ကွင်းတွင်းလေ့ကျင့်မှုမှာ ပါဝင်လာနိုင်မှုကြောင့် မြက်ခင်းပြင်ပေါ်ပြန်လည်ရောက်ရှိနိုင်ဖို့ ပထမဆုံး ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
ကွင်းတွင်းမှာ နေမာကိုမြင်တွေ့ရဖို့ဆိုတာ ဘရာဇီးပရိသတ်တွေအတွက် မျှော်လင့်ချက်ဖြစ်ပေမဲ့ လက်ရွေးစင်အသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ နည်းပြအဖွဲ့ကတော့ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ သတိထားနေပြီး အလျင်စလိုကစားစေဖို့ မရည်ရွယ်ထားဘူးလို့ သိရပါတယ်။