The network connection is lost.

Banner Image

အံ့အားသင့်ဖွယ် ကိတ်ဗာဒီလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့ဖွယ်စွမ်းဆောင်ရည်မျိုး ပြသဖူးတဲ့ နိုင်ငံငယ်လေးများ

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် စိတ်ဝင်စားစရာအကောင်းဆုံးသမိုင်းမှတ်တမ်းအချို့ကတော့ လူဦးရေ အနည်းငယ်သာရှိတဲ့နိုင်ငံတွေရဲ့ ပုံမှန်စွမ်းဆောင်ရည်ထက် သာလွန်အောင် ကစားနိုင်ခဲ့ကြတဲ့ အခိုက်အတန့်တွေပဲ ဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံကြီးတွေကိုယ်တိုင် ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံးပြိုင်ပွဲကြီးမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရချိန် အရင်းအမြစ်နည်းပါးလှတဲ့ နိုင်ငံငယ်လေးတွေကတော့ ကမ္ဘာကြီးတစ်ခုလုံးကို အံ့အားသင့်သွားလောက်အောင် ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် အခုဆောင်းပါးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း သရေရလဒ် သို့မဟုတ် အံ့ဩစရာ အနိုင်ရလဒ်နဲ့အတူ ရှုံးပွဲကို ရှောင်လွှဲနိုင်ခဲ့ဖူးတဲ့ လူဦးရေအနည်းဆုံးနိုင်ငံတွေအကြောင်း ဖော်ပြပေးထားပါတယ်။

(၈) ဆလိုဗေးနီးယား
၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲတဲ့ ဆလိုဗေးနီးယားအသင်းက အုပ်စုပွဲစဉ်သုံးခုလုံး ရှုံးနိမ့်ပြီး နည်းပြနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားဇာဟိုဗစ်ကိုလည်း နေအိမ်ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ သူတို့က ၂၀၁၀ ပြည့်နှစ်မှာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ဆလိုဗေးနီးယားဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားကို အနိုင်ရရှိခဲ့ပြီး အမေရိကန်နဲ့တစ်ဖက်နှစ်ဂိုးစီ သရေကစားနိုင်ခဲ့ပါတယ်။

အင်္ဂလန်နဲ့ပွဲစဉ်မှာတော့ ဆလိုဗေးနီးယားက ဂျွန်တယ်ရီရဲ့ ငါးတစ်ကောင်လို ပျံသန်းခေါင်းတိုက်ခဲ့တဲ့ ကျော်ကြားလှတဲ့ ဖြစ်ရပ်ကြောင့် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အုပ်စုတတိယနေရာနဲ့အတူ စောစောစီးစီး အိမ်ပြန်ခဲ့ရပါတယ်။

(၇) ဥရုဂွေး
ပုံရိပ်ကောင်းတွေ ပြသနိုင်ခဲ့ရုံတင်မက ဥရုဂွေးအသင်းက ၁၉၃၀ ပြည့်နှစ်၊ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သလို ချန်ပီယံဆုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မွန်တီဗီဒီယိုမြို့မှာ ပထမဆုံးကမ္ဘာ့ဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ကစားချိန် ဥရုဂွေးရဲ့လူဦးရေစုစုပေါင်းက နှစ်သန်းအောက်သာ ရှိပါသေးတယ်။

ဒါပေမဲ့ ဥရုဂွေးအသင်းက ၁၉၃၀ ပြည့်နှစ်မတိုင်ခင် အိုလံပစ်ရွှေတံဆိပ်ဆုနှစ်ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပဘောလုံးပရိသတ်တွေကို သူတို့ရဲ့နည်းစနစ်ပိုင်းကောင်းမွန်မှုတွေနဲ့အတူ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 

သူတို့က ပထမဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှာလည်း အလားတူအောင်မြင်မှုမျိုး ထပ်မံရယူနိုင်ခဲ့ပါတယ်။

(၆) ကူဝိတ်
၁၉၈၂ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၄ ခုအထိ တိုးချဲ့လိုက်လို့ အာဖရိကနဲ့ အာရှနိုင်ငံတွေ ပိုမိုပါဝင်လာခဲ့ပါတယ်။

စပိန်မြေမှာ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပါဝင်ဆင်နွှဲခွင့်ရရှိတဲ့ နိုင်ငံငါးခုအနက် ကူဝိတ်လည်း ပါဝင်ခဲ့ပြီး အဲ့ဒီအချိန်မှာ ပင်လယ်ကွေ့နိုင်ငံရဲ့လူဦးရေက ၁ဒဿမ၅ သန်းသာရှိလို့ တကယ့်ကိုကြီးမားတဲ့အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

သူတို့က အင်္ဂလန်၊ ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယားတို့လို ကြံ့ခိုင်မှုအားကောင်းတဲ့ အသင်းတွေနဲ့အတူ တစ်အုပ်စုတည်းကျရောက်ပြီး ဗယ်လာဒိုလစ်မြို့မှာ ချက်ကိုစလိုက်ဗက်ကီးယားနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်ရဲ့သွင်းဂိုးတစ်ဂိုးကို ပယ်ဖျက်ပေးဖို့ ကွင်းလယ်ဒိုင်ရှိရာ ကွင်းဧရိယာအတွင်းဆီ ပြေးဝင်လာတဲ့ တော်ဝင်မင်းညီမင်းသားဖာဟတ်ကြောင့် ကူဝိတ်သမိုင်းတလျှောက် တစ်ကြိမ်တည်းသောကမ္ဘာ့ဖလားပြိုင်ပွဲဝင်မှုက ပိုမိုလူသိများထင်ရှားခဲ့ပါတယ်။

(၅) မြောက်အိုင်ယာလန်
နိုင်ငံငယ်လေးတစ်ခုဖြစ်ပေမဲ့ မြောက်အိုင်ယာလန်က ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ ပြိုင်ဘက်အသင်းကြီးအချို့ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ဖူးပါတယ်။

၁၉၈၂ ခုနှစ်၊ အိမ်ရှင်စပိန်အသင်းကို အနိုင်ယူပြီး ဒုတိယအဆင့်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ သူတို့ရဲ့အောင်မြင်မှုက သမိုင်းဝင်ခမ်းနားလှပါတယ်။

ဒါပေမဲ့ မြောက်အိုင်ယာလန်က ၁၉၅၈ ခုနှစ်မှာလည်း ချက်ကိုစလိုဗက်ကီးယားကို အနိုင်၊ အနောက်ဂျာမနီကို သရေကစားပြီး ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့လို့ အထင်ကြီးစရာကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

ဒီနှစ်ကြိမ်လုံးမှာ မြောက်အိုင်ယာလန်အသင်းရဲ့အိပ်မက်ကို ပြင်သစ်အသင်းက အဆုံးသတ်ပေးခဲ့ပြီး မြောက်အိုင်ယာလန်အသင်းရဲ့ကမ္ဘာ့ဖလားနောက်ဆုံးခရီးစဉ်က ၁၉၈၆ ခုနှစ်၊ အုပ်စုအဆင့်ပါဝင်ယှဉ်ပြိုင်မှုပဲ ဖြစ်ပါတယ်။

(၄) ထရီနီဒတ်နှင့် တိုဘာဂို
ထရီနီဒတ်နှင့် တိုဘာဂိုအသင်းက ၁၉၇၄ ခုနှစ်နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လက်မတင်လေးလွဲချော်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာတော့ ကမ္ဘာ့ဘောလုံးစင်မြင့်ကြီးဆီ ရောက်ရှိလာခဲ့ပါတယ်။

ဒီကာရစ်ဘီယံအသင်းငယ်လေးက အင်္ဂလန်၊ ဆွီဒင်နဲ့ ပါရာဂွေးတို့လို ပြိုင်ဘက်ကောင်းတွေပါဝင်တဲ့ အုပ်စုမှာ ကျရောက်နေလို့ ပရိသတ်အများစုရဲ့မျှော်လင့်ချက်ကို မပိုင်ဆိုင်ခဲ့ပါဘူး။

ဒါပေမဲ့ သူတို့က အုပ်စုအဖွင့်ပွဲစဉ်မှာတင် လာဆင်၊ အီဘရာဟီမိုတစ်တို့လို ဘောလုံးကြယ်ပွင့်တွေ ပါဝင်တဲ့ ဆွီဒင်အသင်းနဲ့ ဂိုးမရှိသရေကစားခဲ့ပြီး ဒေါ့မွန်ကွင်းအတွင်းရှိ ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ 

ဒွိုက်ယော့ခ်ဦးဆောင်တဲ့ သူတို့အသင်းက နောက်ပွဲစဉ်မှာလည်း အင်္ဂလန်အသင်းကို ပွဲချိန်မိနစ် ၈၀ အထိ ဟန့်တားထားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘန်ဆန်ချိုရဲ့ဆံပင်ကိုဆွဲပြီး ပီတာခရော့ချ်သွင်းယူခဲ့တဲ့ဂိုးကြောင့် သူတိုတွေ ရှုံးနိမ့်ခဲ့ပါတယ်။

(၃) ပါရာဂွေး
၁၉၃၀ ပြည့်နှစ်၊ သန်ခေါင်းစာရင်းစစ်ဆေးမှု မအောင်မြင်ခြင်းနဲ့ ၁၉၃၂ ခုနှစ်မှာပေါ်ထွက်လာတဲ့ စစ်ပွဲတို့ကြောင့် ကမ္ဘာ့ဖလားကို ပထမဆုံးပါဝင်ဆင်နွှဲချိန် ပါရာဂွေးရဲ့လူဦးရေကို အတိအကျမခန့်မှန်းနိုင်တော့ပါဘူး။

၁၉၂၄ ခုနှစ် နဲ့ ၁၉၃၆ ခုနှစ်သန်းခေါင်စာရင်းတွေအပေါ် အခြေခံပြီး ခန့်မှန်းရရင် ပါရာဂွေးနိုင်ငံလူဦးရေ တစ်သန်းအောက်သာ ရှိပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို သူတို့တွေ ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲချိန် အမေရိကန်ကို ရှုံးနိမ့်ကာ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရရှိခဲ့ပါတယ်။

(၂) ကိတ်ဗာဒီ
ခြေစစ်ပွဲအဆင့်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွေ့အကြုံရင့်ကင်မရွန်းအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူပြီးနောက် ကိတ်ဗာဒီက အခုတစ်ကြိမ်မှာလည်း ရေပန်းအစားဆုံးဖြစ်တဲ့ စပိန်အသင်းကို ဂိုးမရှိသရေကစားပြီး ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့ပေမဲ့ အာဖရိကသားတွေကိုယ်တိုင်လည်း ပေါ်တူဂီအသင်းတစ်ခုလို စည်းကမ်းရှိရှိ၊ ညီညီညွှတ်ညွှတ်နဲ့ ခံစစ်ကို စနစ်တကျကစားကာ ပြိုင်ဘက်ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင် ကိတ်ဗာဒီရဲ့လူဦးရေက စပိန်နိုင်ငံရဲ့ကိုးခုမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ မာစီယာမြို့ရဲ့လူဦးရေနဲ့ တူညီနေပြန်ပါတယ်။

(၁) အိုက်စလန်
ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းကာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အိုက်စလန်က ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ သမိုင်းတစ်လျှောက် အသေးငယ်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ အိုက်စလန်က အာဂျင်တီးနားအသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကစားပြီး အထင်ကြီးလောက်စရာ စွမ်းဆောင်နိုင်ခဲ့သလို အထူးသဖြင့် ဂိုးသမားဟန်းနစ်ဟောလ်ဒါဆန်ကိုယ်တိုင်လည်း မက်ဆီရဲ့ပင်နယ်တီကန်ချက်တစ်ကြိမ်ကို ကာကွယ်ပြခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာတော့ အိုက်စလန်က နာမည်ကြီးနိုင်ဂျီးရီးယားနဲ့ ခရိုအေးရှားတို့ကို ဆက်တိုက်ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။