ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး မက္ကဆီကိုကစားသမား ဖြစ်လာတဲ့ ဂီလ်ဘာတို မိုရာ
ဂီလ်ဘာတို မိုရာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပါဝင်ကစားခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံး မက္ကဆီကိုနဲ့ မြောက်အမေရိက ကစားသမားအဖြစ် တရားဝင် မှတ်တမ်းဝင်သွားခဲ့ပါပြီ။
အသက် ၁၇ နှစ်နဲ့ ရက်ပေါင်း ၂၄၀ သာရှိသေးတဲ့ မိုရာဟာ စံချိန်ဟောင်းတွေကို ချိုးဖျက်ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး မက္ကဆီကိုနဲ့ မြောက်အမေရိက ကစားသမား ဖြစ်လာခဲ့တာပါ။
ဒီကွင်းလယ်ဖန်တီးရှင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ခုအတွင်း တီဟွာနာအသင်းအတွက် ပွဲပေါင်း ၅၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားနိုင်တဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
မိုရာဟာ အခုနှစ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တောင် ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားတဲ့ ပီလီရဲ့စံချိန်ကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။
ဂန္ထဝင် ဘရာဇီးလ်တိုက်စစ်မှူး ပီလီဟာ အသက် ၁၇ နှစ်နဲ့ ၂၃၉ ရက်မှာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို ရရှိခဲ့တာဖြစ်လို့ ဒီစံချိန်ကတော့ လတ်တလောမှာ ပြိုပျက်ဦးမယ့်ပုံ မပေါ်သေးပါဘူး။