ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ နာကျင်စရာအခိုက်အတန့်တွေကို ပြန်လည်ပြင်ဆင်ချင်တယ်လို့ ဖွင့်ဟလာတဲ့ ဂေါ်ရက်ဇ်ကာ
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုစလုံးမှာ အုပ်စုအဆင့်မှဆက်တိုက်ဆိုသလို ထွက်ခွာခဲ့ရတဲ့ စိတ်ပျက်ဖွယ်ရလဒ်တွေကို အခုနွေရာသီမှာ ဂျာမနီအသင်း ပြန်လည်ပြင်ဆင်သွားမယ်လို့ ဂေါ်ရက်ဇ်ကာက ကတိပြုခဲ့ပါတယ်။
"ကျွန်တော်တို့ ဒီနွေရာသီမှာ အရာအားလုံးကို ပြန်လည်ပြင်ဆင်ချင်ပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုရဲ့ နာကျင်ဖွယ်အခိုက်အတန့်တွေက ကျွန်တော်တို့ကို မနှောင့်ယှက်နိုင်ပါဘူး" လို့ အသက် ၃၁ နှစ်အရွယ် ကစားသမားက FIFA.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရှင်းပြခဲ့ပါတယ်။
"ကျွန်တော်တို့အပေါ် ပရိသတ်တွေရဲ့ယုံကြည်မှု အနည်းငယ်လျော့နည်းသွားပေမဲ့ သူတို့ရဲ့ယုံကြည်မှုကို ပြန်လည်ရယူချင်ပါတယ်။ ဒါက ကျွန်တော့်အတွက်ရော၊ အသင်းတစ်ခုလုံးအတွက်ပါ အကြီးမားဆုံးလှုံ့ဆော်မှု ဖြစ်ပါတယ်။"
"ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့က အပြတ်အသတ်ရေပန်းစားနေတဲ့အသင်းတွေထဲမှာ မပါဝင်ပါဘူး။ ဒါပေမဲ့ ဘောလုံးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီအသင်းအဖြစ် ကျွန်တော်တို့အပေါ် မျှော်လင့်ချက်တွေ အများကြီးရှိနေဆဲ ဖြစ်ပါတယ်။"
"ကျွန်တော်တို့ဆီမှာ ထိပ်တန်းကစားသမားတွေရှိထားပြီး လူတိုင်း ကြံ့ခိုင်မှုအပြည့်ရှိနေမယ်ဆိုရင် ကမ္ဘာ့ဖလားမှာ အောင်မြင်မှုတွေ အများကြီးရရှိနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ ပြိုင်ပွဲတစ်လျှောက်လုံးမှာ အသင်းလိုက်ပိုမိုတိုးတက်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် အကန့်အသတ်မရှိ အောင်မြင်သွားနိုင်ပါတယ်" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
နာဂယ်လ်စမန်းရဲ့အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မျက်နှာသစ်ကူရာကာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။