အင်္ဂလန်အသင်းအတွက် အခက်ကြုံစေမယ့် အခြေအနေတွေအကြောင်း ပြောပြလာတဲ့ ဘယ်လင်ဟမ်
ပူပြင်းတဲ့ရာသီဥတုနဲ့ ဘောလုံးကွင်းအခြေအနေတွေကြောင့် အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ကစားချင်တဲ့ပုံစံအတိုင်း ကစားသွားနိုင်ဖို့မရှိဘူးလို့ ဘယ်လင်ဂမ်ရဲ့အဆိုအရ သိရပါတယ်။
ပြိုင်ပွဲကြီးမစတင်မီ သီတင်းတစ်ပတ်အလို၊ ခြေစမ်းပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့သွင်းဂိုးနဲ့အတူ နယူးဇီလန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမဲ့ ပွဲစဉ်အပြီးမှာတော့ အင်္ဂလန်အသင်းအတွက် ကစားကွက်တွေကို ပြန်လည်သုံးသပ်ရနိုင်တယ်လို့ ဘယ်လင်ဟမ်က ပြောကြားခဲ့ပါတယ်။
ITV သတင်းဌာနနဲ့တွေ့ဆုံချိန် ကွင်းလယ်လူက "ပွဲစဉ်အချို့မှာ ဂရုတစိုက်ထိန်းချုပ်ကစားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က အားအပြည့်နဲ့ ဖိအားပေးကစားပြီး မြန်ဆန်တဲ့ ကစားဟန်မျိုးနဲ့ ကစားချင်ပေမဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့ ကွင်းအခြေအနေတွေအရတော့ ဒါက ခက်ခဲပါလိမ့်မယ်" လို့ ဆိုပါတယ်။
"ဒါပေမဲ့ ကျွန်တော်တို့တွေ ပွဲချိန်တစ်ဝက်စီမှာ ကောင်းကောင်း လိုက်လျောညီထွေကစားနိုင်ခဲ့ပါတယ်။ ကစားသမားအားလုံးလည်း ပြိုင်ပွဲမစတင်မီ ဒီပွဲမှတဆင့် ကျွန်တော်တို့လိုချင်တဲ့ ရလဒ်တွေ ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ကျေနပ်ကြပါတယ်"လို့ ဆက်ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီး ဟယ်ရီကိန်းက အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဇွန် ၁၇ ရက်၊ ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် အင်္ဂလန်အတွက် အဓိကအားဖြင့် သူတို့ရင်ဆိုင်ရမယ့် ရာသီဥတုအခြေအနေတွေကို လေ့လာသိရှိလိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကောင်းမွန်တဲ့နိုင်ပွဲတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ဖို့ ဒီကို လာခဲ့ကြပါတယ်။ ကွင်းရဲ့အခြေအနေကတော့ ရိုးရိုးသားသားပြောရရင် မကောင်းပါဘူး။ ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတိုင်းကစားဖို့ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါကလည်း ကျွန်တော်တို့ လာရတဲ့ အကြောင်းရင်းဖြစ်ပြီး ရာသီဥတုနဲ့ အသားကျအောင် ပြင်ဆင်သွားရပါမယ်"လို့ သူက ဆိုပါတယ်။
"ကျွန်တော်တို့က ခံစစ်ပိတ်ကစားတဲ့အသင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ နောက်ထပ်ဂိုးတွေ သွင်းနိုင်ခဲ့သင့်ပေမဲ့ အနိုင်ရလဒ်အပေါ် ကျေနပ်မိပြီး ရလဒ်ထက် ပြင်ဆင်မှုအပိုင်းမှာ ပိုအရေးကြီးတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။