ယာဂန်ကလော့ပ်ကိုခေါ်ယူဖို့ သေချာသလောက်ရှိပါတယ်လို့ ဖွင့်ဟလာတဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌလောင်းရီကွယ်လ်မီး
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သူ အင်းနရစ်ရီကွယ်လ်မီးက ကလပ်အသင်းဝင်တွေရဲ့ မဲခွဲဆုံးဖြတ်မှုမစတင်မီ နာရီပိုင်းအလိုမှာ အရေးကြီးတဲ့သတင်းစကားတစ်ခု ထပ်မံပြောကြားခဲ့ပါတယ်။
သူက ကန့်ကွက်ငြင်းဆိုမှုတွေ ရှိနေပေမဲ့ ယာဂန်ကလော့ပ်နဲ့ ပတ်သက်ပြီး "လာမယ့်ရာသီမှာ ကလော့ပ်က ရီးရဲလ်မက်ဒရစ်ရဲ့နည်းပြဖြစ်လာဖို့ သေချာသလောက်ဖြစ်နေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ရီကွယ်လ်မီးက ဒီဂျာမန်လူမျိုးနည်းပြမှာ မက်ဒရစ်အခြေစိုက်ကလပ်အသင်းကို ကိုင်တွယ်ဖို့ ဘာကြောင့်ဆန္ဒမရှိရသလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ သူက "ဥက္ကဋ္ဌဆိုတာ အဝတ်လဲခန်းအတွင်း ဆုံးဖြတ်ချက်တွေအပေါ် ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။ အဲဒီအချက်ကြောင့်ပဲ ကလော့ပ်က အခုအချိန်အထိ ဒီအသင်းရဲ့နည်းပြတာဝန်ယူဖို့ ဆန္ဒမရှိခဲ့တာပါ"လို့ ဆက်ပြောခဲ့ပါတယ်။
အခုအခါမှာတော့ အသင်းဝင်တွေကိုယ်တိုင် ရီကွယ်လ်မီးကို ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ကြမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။
အရာရာတိုင်းကိုတော့ ဒီနေ့ရွေးကောက်ပွဲမှာ ဆုံးဖြတ်သွားပါလိမ့်မယ်။