The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်၀မယ်လို့ ခြွင်းချက်မရှိယုံကြည်ခဲ့ကြောင်း ဒီပေးဖွင့်ဟ

နယ်သာလန်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူ မန်းဖစ်ဒီပေးက ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်လာဖို့အပေါ် ဘယ်တုန်းကမှ သံသယမရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
 
အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ပေါင်ခြံဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပေမဲ့ ပြီးခဲ့တဲ့အပတ်ကမှ ဘရာဇီးကလပ် ကိုရင်သီယန်အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးမီဒီယာအချို့က ဒီပေးရဲ့ဒဏ်ရာပြန်သက်သာလာရေးအစီအစဉ်မှာ အမှားအယွင်းအချို့ရှိခဲ့တာကြောင့် ပြန်ကစားဖို့ ကြန့်ကြာခဲ့ရတာလို့ ဖော်ပြခဲ့ကြပေမဲ့ ဒီပေးက ဒီသတင်းတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
 
လက်ရှိမှာတော့ ဒီပေးက ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲစဉ်တွေအဖြစ် ဗုဒ္ဓဟူးနေ့မှာ အယ်လ်ဂျီးရီးယား၊ လာမယ့်အပတ် တနင်္လာနေ့မှာ ဥဇဘက်ကစ္စတန်တို့နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမတိုင်ခင် ဇိုက်စ်မြို့က နယ်သာလန်လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
 
ဒီပေးက"ဒီအကြောင်းအရာကို ဆွေးနွေးရတာထက် တခြားအရာတွေကိုပဲ ပြောချင်ပါတယ်။ သတင်းထောက်တွေ ဘာကြောင့် မေးမြန်းတယ်ဆိုတာကိုလည်း အပြည့်အဝ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်လာဖို့ ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ ဒဏ်ရာပြန်လည်သက်သာဖို့ လိုအပ်တာထက် ပိုကြာသွားခဲ့တာမှန်ပါတယ်။ 

အဆင်မပြေမှုအချို့ ရှိခဲ့တာကို အသေးစိတ် မပြောချင်တော့ပေမဲ့ သေချာပေါက် ပြန်လာနိုင်မယ်ဆိုတာ အမြဲသိနေခဲ့ပါတယ်။ တကယ်တော့ ဒဏ်ရာက ထင်သလောက် သိပ်မပြင်းထန်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီပေးက"ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းကြီးလို့ ဟန်ဆောင်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်အားသာချက်တွေရှိပြီး အမြဲတမ်း ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ သိပါတယ်။ 

ကျွန်တော် ကမ္ဘာ့ဖလား နှစ်ကြိမ် ကစားခဲ့ဖူးပြီး နှစ်ကြိမ်စလုံး (၂၀၁၄ နှင့် ၂၀၂၂ မှာ အာဂျင်တီးနားကို) ပင်နယ်တီနဲ့ ကံဆိုးစွာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကံတရားက ကျွန်တော်တို့ဘက်မှာ ရှိနေနိုင်ပါတယ်" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။