ဖင်လန်အသင်းကို အနိုင်ရခဲ့တဲ့ခြေစမ်းပွဲစဉ်နဲ့ပတ်သက်လို့ သုံးသပ်ပြောကြားလာတဲ့ ဂျာမနီကပ္ပတိန်ကင်မစ်ချ်
တနင်္ဂနွေနေ့ညနေပိုင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပထမဆုံးခြေစမ်းပွဲစဉ်မှာ ဖင်လန်အသင်းကို ၄-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ရရှိပြီးနောက် ဂျာမနီအသင်းရဲ့ခြေစွမ်းပိုင်းကို ကင်မစ်ချ် ကျေနပ်အားရနေပါတယ်။
"ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ ပြိုင်ဘက်ကို ဂိုးသွင်းခွင့် လုံးဝနီးပါး မပေးခဲ့ရပါဘူး။ တကယ်တမ်း ပြောရရင် တစ်ကြိမ်မှတောင် မရှိခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်" လို့ ကင်မစ်ချ်က ပွဲစဉ်အပြီးအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့က ပြင်းအားမြင့်ဖိအားပေးကစားဟန်ကို ကွင်းတွင်းအထိ ယူဆောင်လာချင်ခဲ့ပြီး အဲ့ဒီကစားဟန်မှတဆင့် အန်ဒက်ဗ်က တစ်ဂိုးသွင်းယူခဲ့ပါတယ်"
"ဒါ့အပြင် တန်ပြန်တိုက်စစ်နဲ့ အလွတ်တည်ကန်ဘောမှတဆင့်လည်း ကျွန်တော်တို့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အရာရာတိုင်း ပြီးပြည့်စုံခဲ့ပါတယ်"လို့ သူက ဆက်ပြောပါတယ်။
တနင်္ဂနွေနေ့ခြေစွမ်းပိုင်းဟာ အသင်းရဲ့စွမ်းဆောင်ရည်တွေကို အကောင်းဆုံးပေါ်လွင်စေခဲ့ပြီး အခုအချိန်မှာ အဓိကအရေးကြီးဆုံးကတော့ ဒီစွမ်းဆောင်ရည်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အပြည့်အဝ ထုတ်ပြနိုင်ဖို့ပဲဖြစ်တယ်လို့ ဂျာမနီအသင်းခေါင်းဆောင်က ယုံကြည်နေပါတယ်။
"ကျွန်တော်တို့ဆီမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီအရည်အချင်းတွေကို ကွင်းထဲမှာ အကောင်းဆုံး ချပြနိုင်ဖို့ပဲ လိုအပ်တာပါ" လို့ သူက ပြောကြားခဲ့ပါတယ်။