တော့တင်ဟမ်ကြယ်ပွင့်ကူလူဆက်ဗ်စကီးရဲ့ ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ဆွီဒင်အသင်းဆရာဝန်
ဒဏ်ရာကြောင့် တစ်နှစ်ကြာအနားယူနေရရာမှ ပြန်လည်သက်သာလာဖို့ ကြိုးစားနေတဲ့ တော့တင်ဟမ်တိုက်စစ်မှူးကူလူဆက်ဗ်စကီးနဲ့ပတ်သက်လို့ ဆွီဒင်လက်ရွေးစင်အသင်းဆရာဝန်ဆီမှ စိတ်အေးရမယ့် သတင်းစကားတစ်ခုကို ရရှိခဲ့ပါတယ်။
ကူလူဆက်ဗ်စကီးက ဒူးဆစ်ဒဏ်ရာကြောင့် ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ရသလို အချိန်အတော်ကြာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ရလို့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတစ်ခုလုံးကို လွဲချော်ခဲ့ပါတယ်။
သူက ဆွီဒင်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာလည်း မပါဝင်လာတာကြောင့် ဒီနွေရာသီ မြောက်အမေရိကမှာကျင်းပမယ့် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမယ့် မျှော်လင့်ချက်တွေလည်း ဆုံးရှုံးသွားခဲ့ပါတယ်။
ဒီလိုစိတ်ပျက်စရာတွေရှိနေပေမဲ့ ဆွီဒင်အသင်းဆရာဝန်ဂျိုးနတ်စ်ဝါနာကတော့ တော့တင်ဟမ်တိုက်စစ်မှူးရဲ့ ရေရှည်ပြန်လည်သက်သာလာမှုနဲ့ ထိပ်တန်းအဆင့် ဘောလုံးလောကဆီ ပြန်ဝင်လာနိုင်မယ့်အခြေအနေအပေါ် အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။
"ကူလူဆက်ဗ်စကီးကတော့ မျှော်လင့်ချက်ကို လက်လွှတ်သွားဖို့ မရှိပါဘူး" လို့ ဝါနာက Sportbladet မှတဆင့် ပြောကြားခဲ့ပါတယ်။ " ကလပ်အသင်းနဲ့ တခြားသူတွေကလည်း ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေမှာ သူ့ကို အများကြီးကူညီပေးနေကြပါတယ်။ သူ ဘောလုံးပြန်ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် အခိုင်အမာမျှော်လင့်ထားပါတယ်" လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ ကူလူဆက်ဗ်စကီးက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အဆင်သင့်ဖြစ်နေစေဖို့ အပြည့်အဝ အာရုံစိုက်နေပြီး တော့တင်ဟမ်အသင်းနည်းပြသစ်ဒီဇာဘီလက်အောက်မှာ ပြန်လည်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။