The network connection is lost.

Banner Image

ဟူးလ်မန်း ထွက်ခွာတော့မှာဖြစ်လို့ လေဗာကူဆင်နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေတဲ့ အီရာအိုလာ

ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်ရှာဖွေမှုဟာ အဆုံးသတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ Kicker သတင်းဌာနရဲ့ ဖော်ပြချက်အရ လေဗာကူဆင်ဟာ ဘုန်းမောက်အသင်းရဲ့ စပိန်လူမျိုးနည်းပြ အီရာအိုလာနဲ့ "နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ" ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ် အီရာအိုလာဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ ကက်စပါဟူးလ်မန်းရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့ ရှိနေတာပါ။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ မိုနာကိုအသင်းနဲ့ စာချုပ်ချုပ်ဖို့ နီးစပ်နေတဲ့ ဘရာဇီးလူမျိုး ဖိလစ်ပီလူးဝစ်က လေဗာကူဆင်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက်မှာတော့ ကလပ်အသင်းဘက်က အီရာအိုလာကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းလာတာဖြစ်ပြီး "အမြန်ဆုံး သဘောတူညီမှုရဖို့" မျှော်လင့်နေတယ်လို့ Sky သတင်းဌာနက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးပေးခဲ့တဲ့ အိုလီဗာဂလက်စနာဟာလည်း လေဗာကူဆင်ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။

ပရီမီယာလိဂ်မှာ အောင်မြင်ခဲ့တဲ့ အီရာအိုလာ
လေဗာကူဆင်ကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဇာဘီအလွန်ဆိုလိုပဲ ဘာစ်က် (Basque) လူမျိုးတစ်ဦးဖြစ်တဲ့ အီရာအိုလာဟာ ဘုန်းမောက်အသင်းမှာ တာဝန်ယူခဲ့တဲ့ ၃ နှစ်လုံးမှာ တစ်နှစ်ထက်တစ်နှစ် ရမှတ်စံချိန်အသစ်တွေ တင်နိုင်ခဲ့သလို မကြာခင်ကလည်း ပရီမီယာလိဂ် ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့သူပါ။

ဘုန်းမောက်အသင်းဟာ ရာသီအကုန်မှာ အဆင့် ၆ နေရာနဲ့ အဆုံးသတ်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကံဆိုးစွာ လွဲချော်ခဲ့ပေမဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။

အီရာအိုလာဟာ ဧပြီလကတည်းက သူအသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း ကြေညာထားခဲ့တာဖြစ်ပြီး သူ့ရဲ့နေရာကိုတော့ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်နည်းပြဟောင်း မာကိုရို့စ်က ဆက်ခံမှာ ဖြစ်ပါတယ်။

လေဗာကူဆင်ဘက်မှာတော့ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်လီဂါ ဒုတိယပွဲစဉ်ကတည်းက အသင်းကို စတင်တာဝန်ယူခဲ့တဲ့ ဟူးလ်မန်းဟာ ရာသီဝက်နောက်ပိုင်း ရလဒ်တွေ ဆိုးရွားခဲ့တာနဲ့ အသင်းက အဆင့် ၆ နဲ့သာ အဆုံးသတ်ခဲ့ရတာတွေကြောင့် အသင်းကနေ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။