The network connection is lost.

Banner Image

တန်းဆင်းဇုန်မှ ပွတ်ကာသီကာ လွတ်မြောက်လာပြီးနောက် အကြီးအကျယ်စိတ်သက်ရာရမိတယ်လို့ ဝန်ခံလိုက်တဲ့ တော့တင်ဟမ်အကြီးအကဲ

တော့တင်ဟမ်အမှုဆောင်အရာရှိချုပ်ဗီနိုင်းဗန်ကာတက်ရှမ်က ဆိုးရွားလွန်းတဲ့ ဘောလုံးရာသီတစ်ခုအပြီး ကလပ်အသင်းရဲ့အခြေအနေတွေအကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

တော့တင်ဟမ်က ရာသီပိတ်ပွဲစဉ်မှာ အဲဗာတန်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး လာမယ့်ရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် မှတ်ပုံတင်နိုင်ခဲ့သလို တန်းဆင်းဇုန်အန္တရာယ်နဲ့လည်း သီသီလေးလွဲချော်သွားခဲ့ပါတယ်။ ဘောလုံးရာသီတစ်ခုအတွင်း နည်းပြလေးဦးအထိ ပြောင်းလဲခဲ့ရသလို ဒဏ်ရာရကစားသမားတွေလည်း အလွန်များပြားခဲ့လို့ တော့တင်ဟမ်အသင်းက သူတို့ရဲ့ရာသီကို ပြန်လည်သုံးသပ်နေပြီး တစ်နှစ်ပတ်လုံး ဘာတွေမှားယွင်းခဲ့သလဲဆိုတာ စတင်စစ်ဆေးနေပြီလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

BBC နဲ့အင်တာဗျူးမှာ ဗန်ကာတက်ရှမ်က အသင်းရဲ့အခြေအနေတွေနဲ့ အနာဂတ်အပေါ် ထားရှိတဲ့ သူ့ရဲ့ အကောင်းမြင်စိတ်ကို ဖွင့်ဟခဲ့ပါတယ်။ "ဒါက လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိဘူးဆိုတာ သိသာပါတယ်။ ပရိသတ်တွေဆီမှ အခုလိုတုံ့ပြန်မှုမျိုးရလာတယ်ဆိုတာလည်း ကျိုးကြောင်းဆီလျော်သဘာ၀ကျသလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စမျိုးလို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

"ကလပ်အသင်းအတွက် ဘောလုံးပိုင်းဆိုင်ရာမှာ ဖြေရှင်းရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတချို့ ရှိနေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ သိသလို အခုလည်း ဖြေရှင်းနေပါပြီ၊ ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒီစိန်ခေါ်မှုတွေက တစ်ထိုင်တည်းနဲ့တော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါတွေက နှစ်ပေါင်းများစွာကြာ စုပုံလာခဲ့တာပါ။ ကျွန်တော့်မှာ မှော်တုတ်တံရှိရင် ဝှေ့ယမ်းပြီး တစ်ညတည်းနဲ့ အကုန်ပြင်လိုက်ချင်ပေမဲ့ မဖြစ်နိုင်ပါဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အချိန်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ဆောင်နေတဲ့ အရာတွေနဲ့ လုပ်ဆောင်ပုံတွေအပေါ်မှာတော့ အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ စိတ်မရှည်ကြဘူးဆိုတာ မှန်ကန်တဲ့အတွက် ဒီလိုဝေဖန်မှုတွေကို ကျွန်တော် ရင်ဆိုင်သွားပါမယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

တန်းဆင်းဇုန်မှလွတ်မြောက်ခဲ့မှုအပေါ် ဗန်ကာတက်ရှမ်က "အဲဒါကြောင့် အကြီးအကျယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ရာသီကုန်မှာ ဒီလိုမျိုး စိတ်သက်သာရာရမှုမျိုး ခံစားရတယ်ဆိုတာ ဘောလုံးကလပ်အသင်းတစ်ခုရဲ့စံနှုန်းနဲ့ယှဉ်ရင် အဝေးကြီးလိုပါသေးတယ်" လို့ ဆိုပါတယ်။
အသင်းအပေါ် ယုံကြည်မှုတွေ ပြန်လည်တိုးတက်လာတာနဲ့အမျှ မြောက်လန်ဒန်ကလပ်က လာမယ့်နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အင်အားဖြည့်တင်းမှုတွေ အမြန်ဆုံးပြုလုပ်ဖို့ မျှော်လင့်နေပါတယ်။ သူတို့က တန်းဆင်းဇုန်လွတ်မြောက်ရုံတင်မက ဥရောပထိပ်တန်းအဆင့်တွေအထိ ပြန်လည်ဝင်ဆံ့နိုင်မယ့် အသင်းတစ်ခုဖြစ်လာဖို့ တည်ဆောက်သွားမယ်လို့ သတင်းတွေအရ သိရပါတယ်။