အဲဗာတန်အသင်းရဲ့ ကျောနံပါတ် ၈ ဂျာစီကို ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတာ ဒျူဘူရီဟောလ်ရှင်းပြ
အခုဘောလုံးရာသီသစ်မှာ ဒျူဘူရီဟောလ်က ကျောနံပါတ် ၂၂ အစား ကျောနံပါတ် ၈ ကို ပြောင်းလဲဝတ်ဆင်သွားပါလိမ့်မယ်။
ဒီကွင်းလယ်ကစားသမားက လက်စတာအသင်းအကယ်ဒမီမှာ တိုးတက်လာချိန်ကာလတလျှောက် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ဟောင်းကို မာဆေးဆိုဒ်မှာ ပြန်လည်ရယူလိုက်ပါတယ်။ အဲဗာတန်နဲ့အတူ ရာသီသစ်အတွက် ပြင်ဆင်နေချိန် အခုလိုအမှတ်တရဖြစ်စေမယ့် ကျောနံပါတ်ဂျာစီကို ဝတ်ဆင်ခွင့်ရရှိလို့ ဒျူဘူရီဟောလ်က ဝမ်းသာစကားဆိုခဲ့ပါတယ်။
"အကယ်ဒမီမှာကစားနေချိန် လူငယ်ကစားသမားဘ၀တလျှောက်လုံး ဒီနံပါတ်ကိုပဲ ဝတ်ဆင်ခဲ့လို့ နံပါတ် ၈ ဂျာစီကို ရယူဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်" လို့ သူက အဲဗာတန်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။
"ကွင်းလယ်လူတစ်ဦးအတွက် နံပါတ် ၈ ဆိုတာ အဓိကနံပါတ်တွေအနက် တစ်ခုဖြစ်တယ်လို့ ကျွန်တော် အမြဲတမ်းရှုမြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ဒီနံပါတ်လွတ်နေချိန် ကျွန်တော့်အတွက် အခိုက်အတန့်ကောင်းတစ်ခုလို ခံစားလိုက်ရပါတယ်"
"တချို့လူတွေလည်း သတိထားကြမိပါလိမ့်မယ်။ ကျွန်တော့်ရဲ့ Instagram နာမည်မှာလည်း ဒီနံပါတ် ပါပါတယ်။ အဲဒီလောက်အထိ ကျွန်တော်က ဒီနံပါတ်နဲ့ ရင်းနှီးခဲ့တာပါ။ အခုလို အံ့ဩစရာကောင်းတဲ့ ကလပ်အသင်းအတွက် ဒီနံပါတ်ကို ဝတ်ဆင်ခွင့်ရတယ်ဆိုတာ ဂုဏ်ယူစရာဖြစ်သလို ခြေစွမ်းပြဂိုးတွေ ဆက်သွင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။