The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးနောက် ကိုမိုအသင်းမှာပဲ ဆက်ရှိနေမယ့် ဖာဘရီဂတ်စ်

ကိုမိုနည်းပြဖာဘရီဂတ်စ်က အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဒီနွေရာသီမှာ အသင်းမှထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အပြတ်အသတ်ငြင်းဆိုလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိဖာဘရီဂတ်စ်က ကိုမိုအသင်းကို စတင်တာဝန်ယူချိန်မှစလို့ အံ့အားသင့်လောက်စရာကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး စီးရီးအေဆီ တန်းတက်လာပြီး နှစ်ရာသီအကြာမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ အသင်းကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဖာဘရီဂတ်စ်ကို အခြားပြိုင်ဘက်ကလပ်အသင်းတွေ ခေါ်ယူမယ်ဆိုတဲ့သတင်းတွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပေမဲ့ စပိန်သားကတော့ အီတလီကလပ်ကို စွန့်ခွာသွားဖို့ အစီအစဉ် မရှိသေးပါဘူး။

"အနာဂတ်နဲ့ပတ်သက်ရင်တော့ ဒီနေ့၊ နေ့လည် ၂ နာရီမှာ အသင်းဥက္ကဋ္ဌ၊ ဒါရိုက်တာတွေနဲ့ အချိန်အကြာကြီး အစည်းအဝေးလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အကြံဉာဏ်တွေကို ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး လာမယ့်ရာသီအတွက်လည်း ရည်မှန်းချက်တွေ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်။ သိကြတဲ့အတိုင်း ကျွန်တော့်မှာ လိုအပ်ချက်လေးတွေ ရှိနေသေးသလို အများကြီးလည်း သင်ယူနေရပါတယ်။ ကျွန်တော်တို့အသင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာတည်ဆောက်မှုတွေ လုပ်နေပါတယ်" လို့ ဖာဘရီဂတ်စ်က Sky Sport ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူက "ဒီကလပ်ရဲ့တိုးတက်မှုက အရမ်းမြန်ပါတယ်။ ကျွန်တော်တို့ စတင်ခဲ့တဲ့ ၂ နှစ်ခွဲတာကာလအတွင်း မျှော်မှန်းချက်တွေကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်းတွန်းအားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာကို ကိုယ်တိုင်သိသလို ရှင်းလင်းတဲ့ ရည်မှန်းချက်လည်း ရှိပါတယ်။ ဒါက ပြောင်မြောက်တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့ ဒီနေ့မှစလို့ ပိုခက်ခဲပြီး ထူးခြားမယ့် ရာသီသစ်အတွက် စတင်ပြင်ဆင်သွားပါတော့မယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။