The network connection is lost.

Banner Image

မန်စီးတီးမှာ ဂျိုးဟတ်ကို အခွင့်အရေးမပေးခဲ့မိတာက သူ့ဘဝရဲ့ အနောင်တရဆုံးအရာလို့ ဂွါဒီယိုလာပြော

မန်ချက်စတာစီးတီးမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့တဲ့အတွင်း ဂိုးသမား ဂျိုးဟတ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တာဟာ သူ့ရဲ့ အနောင်တရဆုံးကိစ္စဖြစ်တယ်လို့ ထွက်ခွာတော့မယ့် မန်နေဂျာ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

"ဆုံးဖြတ်ချက်တွေ အများကြီး၊ အများကြီး ချမှတ်ရတဲ့အခါ အမှားတွေလည်း ပါတတ်ပါတယ်" လို့ တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲစဉ်အပြီး မန်စီးတီးကနေ ထွက်ခွာတော့မယ့် ဂွါဒီယိုလာက Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"ကျွန်တော့်ရင်ထဲမှာ နှစ်အတော်ကြာ စွဲနေတဲ့ နောင်တတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဂျိုးဟတ် ဘယ်လောက်ကောင်းတဲ့ ဂိုးသမားလဲဆိုတာ သက်သေပြဖို့ ကျွန်တော်နဲ့အတူတူ ရှိနေခွင့်၊ အခွင့်အရေး မပေးခဲ့မိတာပါ။ 'ဂျိုးရေ... ငါတို့ အတူတူ ကြိုးစားကြည့်ရအောင်၊ တကယ်လို့ အဆင်မပြေမှပဲ ပြောင်းလဲကြတာပေါ့' လို့ ကျွန်တော် ပြောခဲ့သင့်တာ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဖြစ်သွားခဲ့ပြီ" လို့ သူက ဆိုပါတယ်။

"ကျွန်တော်က ဆုံးဖြတ်ချက်တွေ ချရတဲ့သူဆိုတော့ တစ်ခါတလေမှာ မမျှတတာမျိုးတွေ ရှိနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင်ခန်းစာတွေ ရလာပေမဲ့ အဲဒီတုန်းက ကိစ္စအတွက်တော့ ခုထိ နောင်တရနေတုန်းပါပဲ" ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၆ မှာ အသင်းကို စတင်ကိုင်တွယ်ပြီးနောက် ဂွါဒီယိုလာဟာ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကို တိုရီနိုနဲ့ ဝက်စ်ဟမ်းအသင်းတွေဆီ အငှားချခဲ့ပါတယ်။ ဂျိုးဟတ်ဟာ မန်စီးတီးအတွက် ၁၂ နှစ်အတွင်း ၃၄၈ ပွဲ ကစားပေးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဘန်လေအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာပါ။ အဲဒီနောက် တော့တင်ဟမ်မှာ ခဏတာ ကစားခဲ့ပြီး ဆဲလ်တစ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။

မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလားတွေ ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂွါဒီယိုလာက လူတွေရဲ့ စိတ်ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းရတာဟာ မန်နေဂျာတစ်ယောက်အတွက် အခက်ခဲဆုံး အပိုင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

"အဲဒီလိုနေရာမျိုးမှာ ကျွန်တော် မှားယွင်းခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် မဟုတ်သလို ကလပ်အသင်းရဲ့ ရည်ရွယ်ချက်လည်း လုံးဝမဟုတ်ခဲ့ပါဘူး" လို့ အသက် ၅၅ နှစ်အရွယ် စပိန်လူမျိုး နည်းပြက ဖြည့်စွက်ပြောကြားသွားပါတယ်။